CNI International News

ကိယက်ဗ်၊ မတ်လ ၉

ယူကရိန်းအနေဖြင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ဝင်ဖြစ်ရေး ဆက်လက် မကြိုးစားတော့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားလိုက်ခြင်းဖြင့် ရုရှား၏ ကျူးကျော်မှု အကြောင်းပြချက်တစ်ရပ်ကို ကျော်လွှားခဲ့ ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်စစ် မတင်မီ ၎င်းလွတ်လပ်ရေး အသိအမှတ်ပြုထားသည့် ယူကရိန်း ခွဲထွက်နယ်မြေနှစ်ခုအပေါ် မော်စကိုနှင့် အလျှော့အတင်း ပြုလုပ်လိုကြောင်း ထင်ရှားသည့် အချက်ပြမှုတစ်ခုကို ဇာလန်းစကီးက ပြသလိုက်ခြင်း ဖြစ်သည်။

“နေတိုးက ယူကရိန်းကို လက်ခံဖို့ အဆင်သင့် မဖြစ်ဘူးဆိုတာ နားလည်လိုက်ပြီးတဲ့နောက် ဒီကိစ္စအပေါ် စိတ်အေးအေးပဲ ထားလိုက်တော့တယ်” ဟု မတ်လ ၇ ရက်၊ ညပိုင်း ABC News သတင်းဌာနနှင့် အင်တာဗျူးတွင် ဇာလန်းစကီးက အတိ အလင်း ပြောကြားခဲ့သည်။

“နေတိုးမဟာမိတ်အဖွဲ့ဟာ အငြင်းပွားစရာကိစ္စတွေ၊ ရုရှားနဲ့ထိပ်တိုက်တွေ့မှာတွေကို ကြောက်တယ်ဗျ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နေတိုးအဖွဲ့ဝင် ဖြစ်ရေးအတွက် မိမိသည် ဒူးထောက်တောင်းပန်နေရသော နိုင်ငံတစ်နိုင်ငံ၏ သမ္မတမဖြစ်လိုကြောင်း ၎င်းက စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ နေတိုး အထွေထွေအတွင်းရေးမှူးကိုတွေ့ရစဉ်(GETTY IMAGES)

ရုရှားသည် ဥရောပကို ဆိုဗီယက်ထီးရိပ်အောက်မှ ကာကွယ်ရန်အတွက် စစ်အေးတိုက်ပွဲ ဖန်တီးခဲ့သော နေတိုးအဖွဲ့အတွင်းသို့ မိမိအိမ်နီးချင်း ယူကရိန်းနိုင်ငံ မပူးပေါင်းစေလိုကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

မကြာသေးမီ နှစ်များအတွင်း နေတိုးသည် ယခင် ဆိုဗီယက်အုပ်စုဝင်ဟောင်းနိုင်ငံများကို သိမ်းသွင်းရန်အတွက် အရှေ့ဘက် သို့ ပိုမိုချဲ့ထွင်ခဲ့ရာ ကရင်မလင်ကို ဒေါသထွက်စေခဲ့သည်။

နေတိုး၏ချဲ့ထွင်မှုကို ခြိမ်းခြောက်ခြင်းဟု ရုရှားက ရှုမြင်ထားပြီး ယူကရိန်းသို့ ကျူးကျော်စစ် ကြေညာခြင်းဖြင့် ကမ္ဘာကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ သို့သော် ယခုအခါ ပူတင်သည် ယူကရိန်းကို အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီး လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လိုလားနေသည်။

ရုရှားတောင်းဆိုချက်နှင့်ပတ်သက်၍ ABC သတင်းဌာနက ဆက်လက်မေးမြန်းခဲ့ရာ ဇာလန်းစကီးက “ကျနော်က လုံခြုံရေး အာမခံချက်အကြောင်း ပြောနေတာ။ ဒီဒေသနှစ်ခုကို ရုရှားကလွဲလို့ ဘယ်နိုင်ငံကမှ လွတ်လပ်တယ်လို့ အသိအမှတ် မပြု ထားပါဘူး။ ဒီနယ်မြေတွေရဲ့ရှေ့ရေး ဘယ်လိုဆက်သွားမယ်ဆိုပြီး ကျနော်တို့ ဆွေးနွေးလို့ရပါတယ်” ဟု ဖြေကြားခဲ့သည်။

ပူတင်နှင့် တွေ့ဆုံဆွေးနွေးရေး လိုလားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source: AFP