CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၃၀

ယူကရိန်းဒေသ ၄ ခုကို သိမ်းပိုက်ရန် ရုရှား၏ အစီအစဉ်ကြောင့် အခြေခံကျ၍ အဓိကအရေးကြီးသော ဆုံးဖြတ် ချက်များချမှတ်မည့် အရေးပေါ် ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက စက်တင်ဘာ ၃၀ ရက်တွင် ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၉ ရက် တွင် ပြောကြားခဲ့သည်။

အတုအယောင် ဆန္ဒခံယူပွဲများဟု ကိယက်ဗ်နှင့် အနောက်အုပ်စုတို့က ပြောကြားထားသည့် ရုရှားသိမ်းယူထား သော ယူကရိန်းနယ်မြေများကို အပြီးအပိုင် သိမ်းယူကြောင်း ကြေညာထားသည့် စာရွက်စာတမ်းများအား သမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၃၀ ရက်၌ လက်မှတ်ထိုးပေးခဲ့ကြောင်း ကရင်မလင်က သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီသည် စက်တင်ဘာ ၃၀ ရက်တွင် တွေ့ဆုံညှိနှိုင်းရန် ရှိကြောင်း ဇာလန်းစကီး၏ ရုံးက ပြောကြားခဲ့သည်။

အဆိုပါ ကောင်စီ၏ အတွင်းရေးမှူး အိုလက်စကီဒနီလော့ဗ် (Oleksiy Danilov) က ယခုအစည်းအဝေးနှင့် ပတ်သက်၍ “ကျနော်တို့နိုင်ငံအတွက် အရေးကြီးပြီး အခြေခံကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ ယုံကြည် ပါတယ်” ဟု ပြောကြားခဲ့သည်။

ယူကရိန်း၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကို တွေ့ရစဉ် (GETTY IMAGES)

ယူကရိန်း 1+1 ရုပ်သံလိုင်းကို ဖြေကြားခဲ့သော ဒနီလော့ဗ်သည် အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

လူထုဆန္ဒခံယူပွဲဟု ခေါ်ဝေါ်ခြင်းသည် တရားမဝင်ကြောင်း၊ ယူကရိန်းက ခိုင်မာစွာ တုံ့ပြန်သွားမည်ဟု သတိပေး ကြောင်း ဇာလန်းစကီးက ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။

ယူကရိန်း၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီတွင် စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြား ရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်များ၊ ယူကရိန်းလုံခြုံရေးဌာန အကြီးအကဲတို့ ပါဝင်ကြသည်။

၎င်းတို့သည် အမျိုးသားလုံခြုံရေး မူဝါဒရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအတွက် သမ္မတနှင့် လက်တွဲ ဆောင် ရွက်ရန် တာဝန်ရှိကြသူများ ဖြစ်ကြသည်။

Source: Reuters