CNI International News
ဘေဂျင်း၊ မတ်လ ၉
ယူကရိန်းစစ်ပွဲ ကြားဝင်ဖျန်ဖြေရေး၌ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ တက်ကြွစွာပါဝင်လိုကြောင်း သမ္မတ ရှီကျင့်ဖျင်က မတ်လ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ချပြခဲ့ခြင်းမရှိဟု CNN သတင်း အရ သိရသည်။
သို့သော် ရုရှားအပေါ် အနောက်အုပ်စု ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်း ရှီကျင့်ဖျင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် အိုလာရှော့ဇ်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့ကို အွန်လိုင်းမှ တွေ့ဆုံစဉ် ရှီက ယူကရိန်း အခြေအနေသည် စိုးရိမ်စရာဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ဥရောပတိုက်တွင် စစ်မက် ထပ်မံဖြစ်ပွား၍ အလွန်စိတ်မသက်မသာ ဖြစ်ရပါ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ခဲ့သည်။
“တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ (EU) တို့နဲ့ ဆက်သွယ်ညှိနှိုင်းမှု ဆက်ရှိနေမှာဖြစ်ပြီးတော့ သက်ဆိုင်ရာ အစိတ် အပိုင်းတွေရဲ့ လိုအပ်ချက်အရ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ တက်ကြွစွာ အတူလက်တွဲ ဆောင်ရွက်သွားမှာပါ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ယူကရိန်းစစ်ပွဲ(AFP)
မိမိတို့ ကြိုးပမ်းမှုအားလုံးသည် ငြိမ်းချမ်းရေး အခြေခိုင်ဖို့ အထောက်အကူပြုမှာဖြစ်ကြောင်း၊ အကျပ်အတည်းကို ဝိုင်းဝန်း ပူးပေါင်း အဖြေရှာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြသည်။
အိုလာရှော့ဇ်နှင့် မက်ခရွန်တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အထမြောက်ဖို့ ဘေဂျင်းနှင့် ဆက်ဆံရေး ပိုမိုအားကောင်း လာစေဖို့ ၎င်းတို့နှစ်နိုင်ငံစလုံးက အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နှင့်ရုရှားတို့သည် အနောက်နိုင်ငံများနှင့် စိန်ခေါ်မှု၌ မဟာဗျူဟာအရ တူညီသော်လည်း ယူကရိန်းကို ရုရှားကျူးကျော် ခြင်းကတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို စမ်းသပ်ရာ ရောက်ခဲ့သည်။
ရုရှား၏ ကျူးကျော်တိုက်ခိုက်မှု (သို့မဟုတ်) မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းတို့ကို တရုတ်က တိုက်ရိုက် ရှုတ်ချခြင်း မရှိသော်လည်း ရုရှားအပေါ် ဘေဂျင်း အလျင်စလို ကူညီမည့် အရိပ်အယောင်မျိုး မပြသခဲ့ကြောင်း၊ ဘေဂျင်း၏ ရွေးချယ်မှုမှာ အကန့်အသတ်ဖြင့် ရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြသည်။
ရှီကျင့်ဖျင်၊ မက်ခရွန်၊ အိုလာရှော့ဇ်(AP)
တရုတ်ဘဏ်များနှင့် ကုမ္ပဏီများသည် ရုရှားနှင့် ဆက်ဆံပါက ဒုတိယမြောက် ဒဏ်ခတ်ပိတ်ဆို့မှုကို စိုးရွံ့နေကြကြောင်း လေ့လာသုံးသပ်သူများက ကောက်ချက်ချကြသည်။
ယူကရိန်းကို ကျူးကျော်စစ်ဟု ခေါ်ဆိုရန် ဘေဂျင်းက တသမတ်တည်း ငြင်းဆန်ခဲ့ပြီး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး)၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုမှာ ပဋိပက္ခ၏ မူလအကြောင်းရင်းခံဖြစ်ကြောင်း တရုတ်အစိုးရအရာရှိများက ထောက်ပြခဲ့ ကြသည်။
သို့သော် ရုရှား-ယူကရိန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က အလေးပေး ပြောကြား ခဲ့ပြီး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန်နှင့် ငြိမ်းချမ်းသော ရလဒ်များ ဆောင်ကြဉ်းပေးကြရန် နှစ်ဘက်စလုံးကို တိုက်တွန်း ခဲ့ကြောင်း မတ်လ ၈ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
Source: CNN