CNI International News

ကိယက်ဗ်၊ မတ်လ ၃

ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းမှ ထွက်ပြေးလာသည့် ဒုက္ခသည်ဦးရေမှာ မတ်လ ၂ ရက်၌ ၁ သန်းအထိ ရှိလာကြောင်း၊ ရုရှားတပ်များက ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခါကိဗ်ကို ဗုံးကြဲတိုက်ခိုက်ပြီး မဟာဗျူဟာကျသော ပင်လယ် ဆိပ်ကမ်းများအား ဝိုင်းထားကြောင်း အေပီသတင်းအရ သိရသည်။

ဗွီဒီယိုမှတ်တမ်းတစ်ခုတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ခုခံစစ်ကို ဆက်ထိန်းထားရန် ယူကရိန်းပြည်သူများ ကို တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ အဝန်းအဝိုင်း၌ ယူကရိန်းနိုင်ငံထဲမှ ပြန်ဆုတ်ပေးရန် ကမ္ဘာ့နိုင်ငံအများစုက တောင်းဆိုလာသည့်အခါ မော်စကို၏ အထီးကျန်မှုမှာ ပိုမိုပေါ်လွင်လာခဲ့သည်။

နိုင်ငံတစ်ဝန်း ဘက်ပေါင်းစုံမှ တိုက်ပွဲဖြစ်ပွားနေပြီး အေဇော့(Azov) ပင်လယ်အနီး မာရီပေါလ်မြို့ကို ရုရှားတပ်များက ဝန်းရံ ထားကြောင်း၊ ပင်လယ်နက်အတွင်း သင်္ဘောတည်ဆောက်ရေးအတွက် အရေးကြီးသည့် မြို့တစ်မြို့ဖြစ်သော ခါဆွန် (Kharson) မြို့၏ အခြေအနေမှာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အေပီသတင်းက ဆက်လက်ဖော်ပြသည်။

ရုရှား၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်(AP)

သို့သော် ပူတင်၏ တပ်ဖွဲ့များကတော့ အဆိုပါမြို့ကို လုံးဝသိမ်းပိုက်နိုင်ပြီဟု အခိုင်အမာ ပြောကြားနေလင့်ကစား အမေရိကန် ကာကွယ်ရေး ထိပ်တန်းအရာရှိတစ်ဦးက ယင်းသတင်းကို ငြင်းဆိုထားသည်။

ဇာလန်းစကီး၏ရုံးက ခါဆွန်မြို့ အခြေအနေနှင့်ပတ်သက်၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ရုရှားစစ်သားများသည် ခါဆွန်မြို့တွင်းရှိ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံသို့ ရောက်လာကြောင်း ၎င်းမြို့တော်ဝန် အီဂေါ ကိုလေချော့ဗ်က ပြောကြားခဲ့သည်။ အရပ်သားများကို ပစ်သတ်ခြင်းမပြုရန်နှင့် လူသေအလောင်းများ လမ်းပေါ်မှ သယ်ခွင့်ပြု ရန် ၎င်းစစ်သားများကို တောင်းဆိုခဲ့ကြောင်း အီဂေါကိုလောချော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

“ကျနော်တို့မြို့မှာက ယူကရိန်းတပ်ဖွဲ့တွေ မရှိဘူးဗျ။ အရပ်သားတွေနဲ့ အသက်ရှင် ကျန်ရစ်ချင်တဲ့သူတွေပဲ ရှိတာ” ဟု ၎င်းက နောက်ပိုင်းတွင် Facebook လူမှုကွန်ရက်၌ ကြေညာချက် တစ်စောင်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အဆိုပါ မြို့အတွင်း ည ၈ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအထိ ညဘက် လမ်းမထွက်ရအမိန့် ဆက်လက် ထုတ်ပြန်ထား ပြီး မြို့တွင်းသို့ အစားအသောက်နှင့် ဆေးဝါး ပို့ဆောင်ခြင်း အတားအဆီးရှိနေကြောင်း မြို့တော်ဝန်က ရှင်းပြခဲ့သည်။

ယူကရိန်းဘက်က တိုက်ခိုက်နေသူတစ်ဦးကိုတွေ့ရစဉ်(AP)

မာရီပေါလ်မြို့တွင်တော့ တိုက်ခိုက်ပစ်ခတ်မှုများ မညှာမတာရှိခဲ့ကြောင်း ၎င်းမြို့တော်ဝန် ဗာဒင်းဘွိုင်ရှန်ကိုက ပြောကြားခဲ့ သည်။
“ပစ်ခတ်မှုတွေ ဒလစပ်ပဲ။ အပစ်မရပ် သေးတာကြောင့် ဒီနေ့ဆိုရင် လမ်းတွေ၊ အိမ်တွေ၊ တိုက်ခန်းတွေကနေ ဒဏ်ရာရတဲ့ သူတွေကို မကယ်ထုတ်နိုင်သေးဘူး” ဟု ၎င်း၏ပြောကြားချက်ကို ရုရှားမီဒီယာ Interfax က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် ရုရှားကျူးကျော်ခဲ့ပြီးနောက် ၎င်းတပ်ဖွဲ့ဝင်အင်အား အသေအပျောက် များပြားခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် ၅၀၀ နီးပါးသေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိကြောင်း အေပီသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

Source: AP