CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၃
အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီး အသင်းကို ရောင်းချပြီး ရရှိလာမယ့် ငွေကြေးကို ယူကရိန်းဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ လှူဒါန်းသွားမယ်လို့ ပြောလိုက်ပါတယ်။
၂၀၀၃ ကတည်းက ချယ်လ်ဆီး အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ အေဘရာမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ အပတ်ကမှ အသင်း အုပ်ချုပ်မှုအပိုင်းကို စွန့်လွှတ်ပြီး ချယ်လ်ဆီး charitable foundation ကို လွှဲပြောင်းပေးခဲ့တာပါ။ ယူကရိန်းကို ရုရှားက ကျူးကျော် ဝင်ရောက် တိုက်ခိုက်နေချိန်မှာ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ ဗြိတိန် အစိုးရကို တောင်းဆိုမှုတွေရှိနေတာ ဖြစ်ပါ တယ်။
ရုရှားအပေါ် ပိတ်ဆို့မှု အစိတ်အပိုင်း အနေနဲ့ ပူတင်နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲခံရတဲ့ သူတိုင်းလည်း ပါဝင်ခဲ့တာပါ။
အေဘရာမိုဗစ်ချ်ဟာ ပူတင်နဲ့ ချိတ်ဆက်မှုတွေ ရှိတယ်ဆိုတာကို အမြဲတမ်း ငြင်းဆန်ခဲ့ပေမယ့် အခုအချိန်မှာတော့ လန်ဒန် ကလပ်ကို ရောင်းချပြီး ထွက်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရုရှားဘီလျံနာဟာ ချယ်လ်ဆီး အသင်းကို ရောင်းချတော့ မယ်ဆိုတဲ့ အကြောင်းကို ရေးသားခဲ့တဲ့စာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။
အေဘရာမိုဗစ်ချ်နဲ့ ပူတင်ကိုတွေ့ရစဉ်(Independent)
အေဘရာမိုဗစ်ချ်က “ရောင်းချလို့ရမယ့် အမြတ်ငွေတွေအားလုံးကို လှူဒါန်းမယ့် ပရဟိတဖောင်ဒေးရှင်း တစ်ခု ထူထောင်ဖို့ ကျနော့်အဖွဲ့ကို ညွှန်ကြားထားပါတယ်။ ဒီကရမယ့် ဝင်ငွေတွေဟာ ယူကရိန်းစစ်ပွဲရဲ့ ဒုက္ခသည်အားလုံးအတွက် အကျိုးစီးပွား ဖြစ်ပါလိမ့်မယ်။ အသင်းကို ရောင်းဖို့ ဆုံးဖြတ်ရတာဟာ မယုံနိုင်လောက်အောင် ခက်ခဲတယ်ဆိုတာ ကျေးဇူးပြု ပြီး သိထားပေးပါ။ ဒီလိုပုံစံနဲ့ ကလပ်က ထွက်ရတာဟာ နာကျင်ရပါတယ်။ ဒါပေမယ့် ဒါက ကလပ်ရဲ့ အကောင်းဆုံး အကျိုး စီးပွားအတွက်လို့ ယုံကြည်ပါတယ်။ ခင်ဗျားတို့ အားလုံးကို လူကိုယ်တိုင်နှုတ်ဆက်ဖို့ နောက်ဆုံးအနေနဲ့ စတမ်းဖို့ဘရစ်ချ်ကို သွားရောက်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အေဘရာမိုဗစ်ချ်က ချယ်လ်ဆီး အသင်းနဲ့ ပရိသတ်တွေဟာ သူ့နှလုံးသားမှာ အမြဲတမ်း ရှိနေမှာပါလို့လည်း ပြောခဲ့ ပါသေး တယ်။ ချယ်လ်ဆီး အသင်းဟာ အေဘရာမိုဗစ်ချ် လက်ထက်မှာ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၂၁ လုံး အထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro