CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ဟာ အခုလအစောပိုင်းက ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကိယက်ဗ်မှာ တွေ့ဆုံခဲ့ပြီးနောက် အဆိပ်သင့်တယ်လို့ သံသယရှိတဲ့ လက္ခဏာတွေ ခံစားခဲ့ရကြောင်း သူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက Goal ကို အတည်ပြု ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နှောင့်ယှက်လိုတဲ့ ရုရှားသဘောထား တင်းမာသူတွေက အဆိပ်ခတ်ခဲ့ တယ်ဆိုပြီး စွပ်စွဲမှု တွေလည်း ရှိနေတာပါ။ အေဘရာမိုဗစ်ချ်ကတော့ အခုအချိန်မှာ ပြန်လည် သက်သာလာပြီလည်း ဖြစ်ပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး စေ့စပ်ညိနှိုင်းရေးမှူး(၂)ဦးလည်း အေဘရာမိုဗစ်ချ်လိုပဲ ခံစားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။ ချယ်လ်ဆီး အသင်းပိုင်ရှင်ဟာ အဆိပ်သင့်တာကြောင့် မျက်လုံးနီခြင်း၊ အဆတ်မပြတ် နာကျင်ကိုက်ခဲခြင်း၊ မျက်နှာနဲ့ လက်တွေက အရေပြားတွေ ကွာကျခြင်းတို့ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီး အသင်းကို ရောင်းချမယ်လို့ ပြောပြီးကတည်းက ရုရှား၊ ယူကရိန်းနဲ့ တူရကီနိုင်ငံတွေကြား သွားရောက်နေတာပါ။
အေဘရာမိုဗစ်ချ်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲဖြစ်ပွားပြီး ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာ ပါဝင်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောထားပါတယ်။

ချယ်လ်ဆီး အသင်းပိုင်ရှင်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ရုရှား၊ ဘယ်လာရုစ်နဲ့ တူရကီတို့ကြားမှာ အဆတ်မပြတ် ရွေ့လျားနေတာကြောင့် သူ့ကို ဘယ်လာရုစ်နဲ့ ယူကရိန်း နယ်နိမိတ်အနီးမှာ တွေ့ရှိခဲ့ရတာပါ။

အေဘရာမိုဗစ်ချ်နဲ့ပူတင်ကိုတွေ့ရစဉ်(GETTY IMAEGS)

ရုရှားသမ္မတ ပူတင်နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက မတ်လ ၁၀ ရက်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီး အသင်းကို ရောင်းချဖို့အတွက် ဗြိတိန်အစိုးရက ထိန်းချုပ်ထားပေမယ့် အေဘရာမိုဗစ်ချ်ရဲ့ ချုပ်ကိုင်မှုတွေ ရှိနေသေးတယ်လို့ သတင်းတွေ ထွက်နေတာပါ။

ဗြိတိန်အစိုးရက အေဘရာမိုဗစ်ချ်ထံကို ငွေမရောက်စေဖို့အတွက် ကလပ်ကို အထူးလုပ်ငန်းလိုင်စင် ချပြီး ကန့်သတ်ထားတာ ဖြစ်ပါတယ်။

မကြာသေးခင် ကာလက ချယ်လ်ဆီးအသင်းဟာ အားကစားအသင်းအနေဖြင့် ကလပ်ရဲ့စျေးနှုန်းကို စံချိန်တင် အဆင့်အထိ ရောက်ရှိနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။

ချယ်လ်ဆီး အသင်းကို လက်မှတ်ရောင်းချဖို့ ပိတ် ဆို့ ထားတာကနေ ဗြိတိန်အစိုးရက လျှော့ပေါ့ပေးခဲ့ပြီး အဝေးကွင်း ပွဲစဉ်တွေနဲ့ ဖလားပွဲတွေမှာ လက်မှတ် ရောင်းချဖို့ ပြန်လည် ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

Source: Goal