CNI International News
ကိယက်ဗ်၊ မတ်လ ၃
အရပ်သားများကို တိုက်ခိုက်ခဲ့ခြင်းအတွက် ယူကရိန်းနိုင်ငံအတွင်း ကျူးလွန်နိုင်ခြေရှိသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ ရုရှားအပေါ် စုံစမ်းစစ်ဆေးမှုစတင်နေပြီဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်၌ သတင်းဖော်ပြထားသည်။
ရုရှားလုပ်ရပ်များနှင့်ပတ်သက်၍ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သတ်ဖြတ် မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းနေကြောင်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အစိုးရရှေ့နေချုပ်က ပြော ကြားခဲ့သည်။
နိုင်ငံပေါင်း ၃၉ နိုင်ငံက စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့ပြီး စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက် ယခုကဲ့သို့ ICC လှုပ်ရှားမှု ထွက်ပေါ်လာခဲ့သည်။
မြို့တော် ကိယက်ဗ်၊ ခါကိဗ်နှင့် ခါဆွန် အပါအဝင် ယူကရိန်းမြို့ကြီးများသည် မကြာသေးမီ ရက်ပိုင်းအတွင်း ရုရှားတပ်ဖွဲ့များ ၏ ပြင်းထန်စွာတိုက်ခိုက်မှု ခံခဲ့ရသည်။
နိုင်ငံ၏ဒုတိယမြို့တော် ခါကိဗ်ကို မော်စကိုက လေကြောင်းမှ တိုက်ခိုက်၍ အရပ်သားများ သေဆုံးခဲ့ရပြီးနောက် စစ်ရာဇဝတ် မှုများ ရုရှားကျူးလွန်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက စွပ်စွဲထားပြီး ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်က မော်စကို ကျူးကျော်ပြီးနောက် အဓိကဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သော ခါဆွန်မြို့ကို ရုရှားတပ်များ ပထမဆုံး ဝိုင်းရံပိတ်ဆို့ထားခဲ့ကြောင်း ၎င်းမြို့တော်ဝန်က မတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။
ရုရှား၏ တိုက်ခိုက်မှု ခံလိုက်ရသော ခါကိဗ်မြို့(AP)
ယခု သီတင်းပတ် အစောပိုင်း၌ ICC ၏ အစိုးရရှေ့နေချုပ် ခရိမ်ခန်း (Karim Khan)က ယူကရိန်းဖြစ်ရပ်များကို တတ်နိုင်သမျှ အဆောတလျင် စုံစမ်းစစ်ဆေးရန် စီစဉ်ထားပြီး ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီ အပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံတို့က တရားစီရင် ရေးဆိုင်ရာ ခွင့်ပြုချက်မလိုအပ်ဘဲ စုံစမ်းစစ်ဆေးရေး စတင်နိုင်ကြောင်း ခွင့်ပြုပေးခဲ့သည်။
စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုများ နှင့်ပတ်သက်၍ အတိတ်နှင့်ပစ္စုပ္ပန် စွပ်စွဲချက်များကို ခြုံငုံကြည့်ရှုမည်ဖြစ်ပြီး ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို မသိမ်းပိုက် မီ ၂၀၁၃ ခုနှစ်အထိ နောက်ကြောင်းပြန် စစ်ဆေးသွားမည်ဟု သိရသည်။
နိုင်ငံအသီးသီးက အရေးမယူနိုင်ခြင်း (သို့မဟုတ်) အရေးယူရန် ဆန္ဒမရှိခြင်း စသည့် ကမ္ဘာ့အဆိုးရွားဆုံး ရာဇဝတ်မှုများ အတွက် အစွပ်စွဲခံရသူများကို ICC က တရားစွဲရလေ့ ရှိသည်။
တရားရုံးတွင် ရဲတပ်ဖွဲ့ဝင်များ မရှိဘဲ သံသယရှိသူများကို ဖမ်းဆီးရန် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုကို အားကိုးရသည်။ ICC က ချမှတ်သော ပြစ်ဒဏ်များတွင် ထောင်ဒဏ်နှင့်ငွေဒဏ်များ ပါဝင်နိုင်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရုရှားကျူးကျော်ချိန်မှစ၍ အရပ်သား ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ယူကရိန်းနိုင်ငံ၏ အရေးပေါ် ဝန်ဆောင်မှုဌာနက ကြေညာခဲ့သော်လည်း ၎င်းအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ဒုက္ခသည်ပေါင်း ၁ သန်းခန့် ယူကရိန်းနိုင်ငံအတွင်းမှ ထွက်ပြေး သွားပြီဟု သတင်းထုတ်ပြန်ခဲ့သည်။
Source: BBC