CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

ရုရှားလက်ရွေးစင် အသင်းခေါင်းဆောင် ဒီဇူးဘားက ရုရှားဖြစ်ရတာ ဂုဏ်ယူတယ်ဆိုပြီး ယူကရိန်း ကစားသမားတွေရဲ့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေတဲ့ အချိန်မှာ ရုရှားဘောလုံးသမားတွေ တိတ်ဆိတ်နေတယ်ဆိုပြီး ယူကရိန်း ကစားသမားတွေဖြစ်တဲ့ ယာမိုလန်ကိုနဲ့ မိုင်ကိုလန်ကိုတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

တခြားတစ်ဖက်မှာလည်း ဖီဖာနဲ့ ယူအီးအက်ဖ်အေ တို့ကတော့ ရုရှားလက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ ဇင်းနစ်အသင်းမှာ ကစားနေတဲ့ ဒီဇူးဘားက အင်စတာဂရမ်မှာ စာရေး သားကာ ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဘက်က ရပ်တည်ကြောင်း ဘောလုံးသမားတွေပြသနေစဉ်(Yahoo News)

ဒီဇူးဘားက “ယူကရိန်းက အဖြစ်အပျက်တွေ အကြောင်းတော့ မှတ်ချက် မပေးချင်ပါဘူး။ ကြောက်လို့ မပြောချင်တာ မဟုတ်ဘဲ ကျနော်က နိုင်ငံရေးမှာ မကျွမ်းကျင်လို့ပါ။ ကျနော်လည်း လူတိုင်းလိုပဲ ကိုယ်ပိုင်အမြင်ရှိပါတယ်။ ကျနော်ကတော့ စစ်ပွဲတိုင်းကို ဆန့်ကျင်ပါတယ်။ စစ်ပွဲဆိုတာ ကြောက်စရာ ကောင်းတဲ့အရာပါ။ နေ့စဉ်နေ့တိုင်း တိုးမြှင့်လာတဲ့ လူသားတွေရဲ့ ရန်လိုမှုနဲ့ မုန်းတီးမှုကို ဆန့်ကျင်ပါတယ်။ ရုရှား ဖြစ်ရတာ မရှက်ပါဘူး။ ရုရှားဖြစ်ရတာ ဂုဏ်ယူပါတယ်။ စစ်ပွဲက ပြီးသွားမှာ ဖြစ်ပေမယ့် လူသားအချင်းချင်း ဆက်ဆံရေးက အမြဲတမ်းရှိနေမှာပါ”လို့ ပြောခဲ့တာပါ။

သူ့ကို ဝေဖန်ခဲ့တဲ့ အဲဗာတန် နောက်ခံလူ မိုင်ကိုလန်ကိုနဲ့ ပတ်သက်ပြီးတော့လည်း ဒီဇူးဘားက “အင်္ဂလန်မှာရှိတဲ့ စံအိမ်တွေ မှာ နေထိုင်ပြီး စိတ်ပျက်စရာတွေကို ပြောနေတဲ့ ဘောလုံးသမားအချို့နဲ့ ပတ်သက်ပြီး ဒါဟာ ကျနော့်ကို မထိခိုက်ပါဘူး။ အရာ အားလုံးကို ကျနော်နားလည်ပါတယ်။ အားလုံး ကောင်းကောင်းမွန်မွန်နဲ့ ငြိမ်းချမ်းကြပါစေ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ဒီဇူးဘားရဲ့ လက်ရွေးစင် အသင်းဖော် ဆမိုလော့ဗ်ကတော့ စစ်ပွဲအလိုမရှိတဲ့ စာသားကို အင်စတာ ဂရမ်မှာ ရေးတင်ပြီး ရုရှားကို ဆန့်ကျင်ကြောင်း ပြောသွားခဲ့ပါတယ်။ ရုရှားတင်းနစ် ကစားသမား ရူဘလက်ဗ်ကလည်း ကင်မရာရဲ့ မှန်ဘီလူးပေါ်မှာ ကျေးဇူးပြုပြီး စစ်ပွဲရပ်ပေးပါဆိုတဲ့ စာကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

Source: The Guardian