CNI International News

ဘရပ်ဆဲလ်၊ မတ်လ ၁

ယူကရိန်း၌ စစ်ရေးအရှိန်မြင့် နေစဉ်အတွင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တစ်ခုအဖြစ် မော်စကို အာဘော် မီဒီယာ များဖြစ်ကြသည့် RT ရုပ်သံ၊ စပွတ်နစ် (Sputnik) သတင်းအေဂျင်စီနှင့် ၎င်းတို့လုပ်ငန်းခွဲများအား ကန့်သတ်တားဆီးသွား မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ(EU)၏ ရည်ရွယ်ချက်ကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာဗွန်ဒါလီယန်(Ursula von der Leyen) က ကြေညာခဲ့သည်။

ထိုသို့ ကြေညာချက် ထွက်ပေါ်ပြီးနောက်ပိုင်း Instagram လူမှုကွန်ရက်သည် ရုရှား၏ စပွတ်နစ် သတင်းအေဂျင်စီမှ account ပေါင်းများစွာအား ဝင်ရောက်ခွင့် ကန့်သတ်လိုက်ကြောင်း ၎င်းလူမှုကွန်ရက်က ဖေဖော်ဝါရီ ၂၈ နှောင်းပိုင်း၌ အီးမေးလ် တစ်စောင် ဖြန့်ဝေခဲ့သည်။

ထို့ပြင် Instagram ဝန်ဆောင်မှုကို ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ လက်ဗီးယား၊ လစ်သူဝေးနီးယား၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ ပိုလန် စသည့် ဥရောပနိုင်ငံများရှိ စပွတ်နစ် သတင်းအေဂျင်စီနှင့် ပတ်သက်သူများ မရရှိနိုင်ကြောင်း သိရသည်။

ဉရောပတခွင် ကန့်သတ်ခံလိုက်ရသည့် RT သတင်းဌာန

အလားတူ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတို့ရှိ စပွတ်နစ် သတင်းအေဂျင်စီနှင့် ဆက်စပ်လုပ်ကိုင်သူများကိုလည်း Instagram ဝင်ရောက်သုံးစွဲခွင့် တားဆီးခဲ့သည်။

၎င်းလူမှုကွန်ရက်က ယူကရိန်းနှင့် တူရကီတို့ရှိ စပွတ်နစ် သတင်းအေဂျင်စီ ရုံးခွဲများထံသို့လည်း အီးမေးလ်ပေးပို့၍ အသိပေး ခဲ့သည်။

Facebook ဟု လူသုံးများထင်ရှားသည့် Meta ကုမ္ပဏီကလည်း RT ရုပ်သံလွှင့်ဌာနနှင့် စပွတ်နစ် သတင်းအေဂျင်စီတို့ကို ဥရောပတခွင်၌ ကန့်သတ်ထားလိုက်ပြီဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ နစ်ကလက်က ပြောကြားခဲ့သည်။

Facebook မှ စပွတ်နစ်အေဂျင်စီသို့ ပေးပို့သော အီးမေးလ်ထဲတွင် အေဂျင်စီ၏ Facebook Page အခြေအနေနှင့် ပတ်သက် ပြီး “တရားဝင် တောင်းဆိုမှုကို ပြန်လည်သုံးသပ်ပြီးနောက် ဝင်ရောက်သုံးစွဲခွင့်ကို ကန့်သတ်ထားလိုက်သည်” ဟု အကြောင်း ပြန်ခဲ့သည်။

Source: sputniknews.com