CNI International News

ကိယက်ဗ်၊ မတ်လ ၁

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ရုရှားကျူးကျော်မှုကို တမူထူးခြားစွာ တွန်းလှန်ရန်အတွက် နိုင်ငံတကာ စေတနာ့ဝန်ထမ်းများ ခေါ်ယူရေး ပန်ကြားချက်ကို နိုင်ငံပေါင်းစုံမှ တိုက်ခိုက်ရေးသမား အများအပြားတို့က စိတ်ဝင်တစား ရှိကြပြီး တက်ကြွနိုးကြားလျက် အာရုံစိုက်လာကြကြောင်း ယူကရိန်းအစိုးရက ပြောကြားသည်ဟု vice.com သတင်း ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဇာလန်းစကီးသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေး သမားများဖြင့် နိုင်ငံတကာတပ်ဖွဲ့တစ်ခု တည် ထောင်ကြောင်း ကြေညာခဲ့ပြီး ပူးပေါင်းပါဝင်ကြရန် နိုင်ငံတကာသို့ တိုက်တွန်းခဲ့သည်။

“ဒါဟာ ကျနော်တို့နိုင်ငံအတွက် ခင်ဗျားတို့ထောက်ခံမှုရဲ့ အဓိကသက်သေဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ယူကရိန်းကာကွယ်ရေး လက်ထောက်ဝန်ကြီး ဟန်နာမာလီယာက “မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ စေတနာ့ ဝန်ထမ်း စစ်မှုထမ်းလိုသူများထံမှ ကမ်းလှမ်းချက်များ ထောင်နှင့်ချီ၍ လက်ခံရရှိထားကြောင်း” ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြော သည်။

ယခုအတောအတွင်း ယူကရိန်းပြည်တွင်းသို့ နိုင်ငံခြားသား ဝင်ရောက်မှု အများအပြား လက်ခံမည့် စေတနာ့ဝန်ထမ်း ယူနစ် တစ်ခုမှ အကြီးအကဲက “ဇာလန်းစကီး နိုင်ငံတကာသို့ အကူအညီ တောင်းပြီးကတည်းက လာရောက် စာရင်းပေးကြသူ စေတနာ့ဝန်ထမ်းပေါင်း ၄၀၀ ခန့်ရှိပြီ” ဟု Vice ကမ္ဘာ့သတင်းဌာနသို့ ပြောသည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

အဆိုပါ စေတနာ့ဝန်ထမ်းယူနစ် အကြီးအကဲ မာမူကာ မာမူလာ့ရှက်ဗီလီ (Mamuka Mamulashvili) သည် ယူကရိန်းနိုင်ငံ၊ ဒွန်ဘတ်စ်ဒေသ၌ ၂၀၁၄ ခုနှစ် တိုက်ပွဲများ ဖြစ်ပွားစဉ်ကတည်းက အနောက်နိုင်ငံများမှ နိုင်ငံခြားတိုက်ခိုက်ရေးသမား အပါအဝင် ဂျော်ဂျီယာ စစ်သားအများစုတို့ဖြင့် အပျော်တမ်းတပ်ဖွဲ့ကို ဦးစီးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တ ၃ ပတ်အတွင်း ရုရှားကျူးကျော် ရန်စမှုများတွင် နိုင်ငံခြားတိုက်လေယာဉ် ၂၀၀ ခန့် ပါဝင်ခဲ့ကြောင်း မာမူလာ့ရှက်ဗီလီက ပြောသည်။

“လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ချင်သလို ဒီမိုကရေစီတန်ဖိုးအတွက် ကျနော်တို့ တိုက်ပွဲဝင်ချင်ကြပါတယ်” ဟု ၎င်းက တက်ကြွစွာ ပြောကြားခဲ့သည်။

Source: vice.com