CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁

ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားလက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေ အားလုံးကို သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေအားလုံးကနေ ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရလဒ်တွေကြောင့် အခုလို ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် တို့ကတော့ နောက်ထပ် သတိပေးချက်တွေ မထုတ်ပြန်ခင်အချိန်ထိ ရုရှားကို ပိတ်ပင်ထားမယ်လို့ ပြောခဲ့တာပါ။ အဲ့ဒါကြောင့် ရုရှားလက်ရွေးစင် အမျိုးသားအသင်းဟာ အခုလထဲ ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့်အဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။ အမျိုးသမီးလက်ရွေးစင် အသင်းအနေနဲ့လည်း ယူရို ၂၀၂၂ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဒီရာသီ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ရောက်ရှိနေတဲ့ ရုရှားကလပ် စပါးတပ်မော်စကို အသင်းဟာ ဒီအခြေအနေတွေကြောင့် ပြိုင်ပွဲကနေ ထုတ်ခံလိုက်ရတာပါ။ စပါးတပ်မော်စကို အသင်းနဲ့ ကစားရမယ့် လိုက်ပ်ဇစ် အသင်းကတော့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ယူအီးအက်ဖ်အေဟာ ရုရှားစွမ်းအင် ကုမ္ပဏီကြီး Gazprom နဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုမှုကို အဆုံးသတ် လိုက်ပြီ လည်း ဖြစ်ပါတယ်။

ပူတင်နဲ့ဖီဖာဥက္ကဋ္ဌကိုတွေ့ရစဉ်(Chicago Sun Times)

ရုရှားအသင်းဟာ မတ်လ ၂၄ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့်အဆင့် အကြိုဗိုလ်လုပွဲအဖြစ် ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပိုလန် အသင်းကတော့ ရုရှားအသင်းနဲ့ ကစားဖို့ အစီအစဉ်မရှိဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တာ ဖြစ်ပါ တယ်။

ဖီဖာဟာ အစောပိုင်းက ရုရှားကို အလံနဲ့ နိုင်ငံတော် သီချင်း အသုံးပြုခွင့်မပေးပဲ RFU အမည်နဲ့ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ တာပါ။ ဒါပေမယ့် ပိုလန်၊ ချက်နဲ့ ဆွီဒင်တို့က ကန့်ကွက်မှုတွေကြောင့် အခုလို ယူအီးအက်ဖ်အေနဲ့ တူညီတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဆုံးဖြတ်ချက်ကို လုံးဝသဘောမတူပဲ နိုင်ငံတကာ အားကစားဥပဒေနဲ့အညီ ပြုလုပ် သွားမယ်လို့ ပြန်လည် စိန်ခေါ်ခဲ့တာပါ။ အဲ့ဒါကြောင့် ရုရှားအနေနဲ့ အားကစားဆိုင်ရာ ခုံရုံးကနေ ဒါကို အယူခံဝင်သွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC ကလည်း ဖီဖာနဲ့ ယူအီးအက်ဖ်အေ တို့လိုပဲ ရုရှားအားကစားသမားတွေကို ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source: BBC