CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

စပိန်ကလပ် ဂီဂျွန်မှာ ကစားနေတဲ့ ယူကရိန်းဘောလုံးသမား ကရာဗတ်စ်ကတော့ သူဟာ သေနတ်မောင်းတောင် မတင်တက်ပေမယ့် ရုရှားကို စစ်တိုက်ဖို့ ဆန္ဒတွေ ပြင်းပြနေတယ်လို့ ပြောလိုက်ပါတယ်။

ကရာဗတ်စ်ဟာ လီဂါနတ်စ် အသင်းကနေ ဂီဂျွန်အသင်းကို အငှားနဲ့ လာရောက် ကစားနေတာဖြစ်ပြီး ရုရှားက ယူကရိန်း နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုအပေါ် မခံမရပ်နိုင်အောင် ဖြစ်နေခဲ့တာပါ။

ကရာဗတ်စ်က ဒီဖြစ်ရပ်တွေ အားလုံးအတွက် ရုရှားသမ္မတ ပူတင်မှာ အပြစ်ရှိကြောင်းနဲ့ ဒီတိုက်ပွဲကို ဝင်တိုက်ဖို့ ဆန္ဒရှိ နေတယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကစားသမား အများအပြားကလည်း ဒီဖြစ် ရပ်အတွက် ယူကရိန်းဘက်ကနေ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။

ကရာဗတ်စ်က “သူတို့တွေဟာ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေကြတယ်။ ဒါတွေအားလုံးဟာ ပူတင်ရဲ့ အမှားတွေ ကြောင့်ပါ။ ဒါဟာ ရုရှားတွေရဲ့ အမှားလို့ မပြောချင်ပါဘူး၊ ဒါပေမယ့် ပူတင်ရဲ့ အမှားပါပဲ။ ကျနော်တို့ဟာ ငြိမ်းချမ်းစွာ နေထိုင် ချင်တဲ့ နိုင်ငံပါ။ ကျနော်တို့ဟာ ဘယ်သူ့ကိုမှ မတိုက်ခိုက်ချင်ပါဘူး။ အေးအေးဆေးဆေးပဲ နေထိုင်ချင်တာပါ။ အမှန်တိုင်း ပြောရရင် စစ်ပွဲထဲကို ဝင်ပြီး ကိုယ့်လူမျိုးကို ကူညီချင်ပါတယ်”လို့ ပြောပါတယ်။

ကရာဗတ်စ်ကိုတွေ့ရစဉ်(24 News)

ဒါ့အပြင် ကရာဗတ်စ်က “ဒါပေမယ့် ဘယ်လိုပစ်ရမလဲ၊ ဘယ်လိုရွှေ့ရမလဲ၊ သေနတ်ကို ဘယ်လိုမောင်းတင်ရလဲဆိုတာ မသိတဲ့အတွက် မကူညီနိုင်ပါဘူး။ ဒါပေမယ့် အမှန်တရားကတော့ အကူအညီ ပေးချင်ပါတယ်။ ကျနော် သွားခဲ့ရင် ကျနော့် နိုင်ငံကို ကာကွယ်မှာပါ။ ဒါဟာ ယူကရိန်းနိုင်ငံသားတွေရဲ့ နှလုံးသားအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ လေဆိပ်တွေ အားလုံးနီးပါးကို ပိတ်ဆို့ထားပါတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ လူတိုင်းလိုအပ်တယ်ဆိုရင် ကျနော်ထွက်သွား မှာပါ။ ကျနော် ဂီဂျွန်အသင်းနဲ့ စကားပြောပြီး ထွက်သွားမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကရာဗတ်စ်က ယူကရိန်းမှာ ကြုံတွေ့နေရတဲ့ သူ့မိသားစုရဲ့ ကြောက်စရာကောင်းတဲ့ အရာတွေကို ရှင်းပြခဲ့ပြီး သူချစ်ရတဲ့ သူတွေကို စိုးရိမ်တဲ့အတွက် ညဘက် လန့်လန့်နိုးတယ်လိုလို့လည်း ဝန်ခံခဲ့ပါတယ်။ ကရာဗတ်စ်ဟာ ယူကရိန်းသက်တမ်းလိုက် အသင်းတွေမှာ ကစားခဲ့ပြီး အခု ယူ- ၂၁ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

Source: Daily Mail