CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁၅

လက်ရှိ ယူကရိန်း အကျပ်အတည်းကို ဦးတည်လျက် လုံခြုံရေးဆိုင်ရာ မကျေလည်မှုများနှင့်ပတ်သက်၍ အနောက်အုပ်စု နိုင်ငံ များနှင့် ဆက်လက် ဆွေးနွေးရန် အသင့်ရှိကြောင်း ကရင်မလင်သမ္မတနန်းတော်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့ သည်ဟု အေပီသတင်းက ရေးသားဖော်ပြသည်။

ထိုသို့ ဆွေးနွေးရန် အသင့်ရှိကြောင်း ပြသခဲ့ခြင်းအားဖြင့် ရုရှားသည် ၎င်းရန်လိုနေသည့် အိမ်နီးချင်းအပေါ် ရက်ပိုင်းအတွင်း မကျူးကျော်မိစေမည့် မျှော်လင့်ချက်ပေးလာခဲ့ခြင်းဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားဖော်ပြသည်။

သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများကတော့ ရှိနေဆဲဖြစ်သည်။

စစ်အေးခေတ်နောက်ပိုင်း အဆိုးရွာဆုံးဖြစ်လာသည့် အရှေ့နှင့်အနောက် တင်းမာမှုများကြားတွင် နိုင်ငံတကာသံတမန်များ ယူကရိန်းပြည်တွင်းမှ ဘေးလွတ်ရာသို့ အသည်းအသန် ပြောင်းရွှေ့ပြခြင်းဖြင့် မကြာမီ စစ်ဖြစ်လာတော့မည်ဟန် သတိပေးနေ ကြသည်။

ရုရှား ကျူးကျော်ရင် တိုက်ခိုက်ရန်အတွက် စစ်သင်တန်းတက်နေသည့် ယူကရိန်းအဘိုးအို တစ်ဦး(AP)

ယူကရိန်းနိုင်ငံ ပတ်ပတ်လည်ရှိ မြောက်၊ တောင်နှင့် အရှေ့ဘက် နယ်နိမိတ်များတွင် ရုရှားတပ်ဖွဲ့ဝင် ၁၃၀,၀၀၀ ကျော်အထိ ဖြန့်ချထားဖို့အတွက် ဆီလျော်သည့် အကြောင်းပြချက်မရှိကြောင်း ဂျာမနီအဓိပတိ(ဝန်ကြီးချုပ်)က ပြောကြားခဲ့ပြီး နောက် ထပ် ဆွေးနွေးမှုများ ပြုကြရန် တိုက်တွန်းခဲ့သည်။

“ဥရောပဟာ ချောက်ကမ်းပါးအစွန်းသို့ ရောက်နေပြီ” ဟု ဗြိတိန်ဝန်ကြီးချုပ်က မှတ်ချက်ချသော်လည်း ပူတင်ကတော့ “နောက်ပြန်ဆုတ်ဖို့ အချိန်ရပါသေးတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ပြင်းထန်လာနိုင်သည့် ရုရှားထိုးစစ်အတွက် အစိတ်အပိုင်းအားလုံး အသင့်နေရာယူပြီးဖြစ်သည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန် ကြီး ဂျင်အိလွတ်သရီယွန်(Jean-Yves Le Drian) က ပြောကြားခဲ့သည်။

ဝါရှင်တန်၊ လန်ဒန်နှင့် အခြားကမ္ဘာ့နေရာအချို့တွင် ရုရှားတပ်များ ယူကရိန်းထဲ မကြာခင် ဝင်လာနိုင်ကြောင်း သတိပေးနေကြ သော်လည်း ဖေဖော်ဝါရီ ၁၄ ရက်၌ ပူတင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလက်ရော့ဗ်တို့ တွေ့ဆုံမှုအပြီးတွင် အခြား နည်းလမ်းရှာကြရန် အကြံပြုချက် ထွက်ပေါ်လာခဲ့ ပြန်သည်။

ပူတင်ကိုတွေ့ရစဉ်(AP)

၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုတွင် ရုရှား၏ အဓိကလုံခြုံရေး တောင်းဆိုချက်များကို ထည့်စဉ်းစားဖို့ အနောက်အုပ်စု ငြင်း ဆန်နေကြသော်လည်း မော်စကိုအနေဖြင့် အနောက်အုပ်စု မဟာမိတ်များနှင့် ညှိနှိုင်းအဖြေရှာသင့်ကြောင်း အချေအတင် ငြင်းခုံခဲ့ကြကြောင်း အေပီသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ်မရှိကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့သော မော်စကိုသည် နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းနှင့် အခြား ဆိုဗီယက်အုပ်စုဝင်ဟောင်း နိုင်ငံများကို နေတိုးထဲ ဆွဲမထည့်ပါကြောင်း အနောက်အုပ်စုထံမှ အာမခံ ချက်ကို လိုလားနေသည်။

ထို့ပြင် ယူကရိန်းမြေပေါ် လက်နက်များ ချထားမှု ရပ်တန့်ရန်နှင့် အရှေ့ဥရောပမှ နေတိုးတပ်များ ပြန်ဆုတ်ပေးရန် မော်စကို က တောင်းဆိုနေခဲ့သည်။ ထိုတောင်းဆိုချက်များကို အနောက်အုပ်စုက အတိအလင်း ပယ်ချခဲ့ပြီးဖြစ်သည်။

“ဆွေးနွေးပွဲများ အကန့်အသတ်မရှိ ဆက်သွားလို့ မရတော့ဘူးဆိုရင်တောင် ဒီအဆင့်မှာ ဆက်ပြီး ချဲ့ထွင်ညှိနှိုင်းဖို့ အကြုံ ပြုချင်တယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများအတွက် ဖြစ်နိုင်ခြေများ မကုန်ခမ်းသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source: AP