CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၆

ယူကရိန်းစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အရေးပါသည့်ဘဏ်ကြီးများ၏ဝက်ဘ်ဆိုက်များသည် offline ဖြင့် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖျက်ဆီးခံလိုက်ရကြောင်း ယူကရိန်းအာဏာပိုင်များက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားလိုက်ပြီး ရုရှားဘက်မှ ကျူးကျော်မည့်ခြိမ်းခြောက်မှုနောက်ပိုင်း ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများအပါအဝင် ယူကရိန်း၏အရေးပါဆုံး အစိုးရဘဏ်နှစ်ခုအပါအဝင် အနည်းဆုံး ယူကရိန်းဝက်ဘ်ဆိုက်ပေါင်း ၁၀ ခုထက်မနည်း ဝင်ကြည့်၍ မရဘဲ ဖြစ်သွားခဲ့သည်။ ယင်းဝက်ဘ်ဆိုက်များအတွင်းသို့ မလိုလားအပ်သော အမှိုက်သရိုက်သဖွယ် ဖြစ်သည့် Data Package များ ဖုံးလွှမ်းသွားသဖြင့် အင်တာနက်ကွန်ရက်ထဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ သည်။

“အခုလို DDos တိုက်ခိုက်ခံရလို့ ဖုံးကွယ်ထားနိုင်ပြီး တခြားအနှောက်အယှက်တွေ အများကြီးဝင်လာတဲ့အတွက် ဝက်ဘ်ဆိုက်တွေရဲ့ ပုံမှန်လုပ်ဆောင်ချက်၊ အချက်အလက်တွေကို ကျနော်တို့ ကြည့်လို့မရ၊ ထိန်းလို့မရ ဖြစ်သွား ပါတယ်” ဟု ယူကရိန်းဆိုက်ဘာကာကွယ်ရေးဆိုင်ရာထိပ်တန်းအရာရှိ ဗစ်တာဇိုရာ (Victor Zhora) က ပြော သည်။ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များသည် ဆိုက်ဘာတိုက်ခိုက်လာသူများ၏လမ်းကြောင်းကို ဖြတ်တောက်ပြီး မူလအတိုင်း data စီးဆင်းမှု ပြန်လည်ရယူရန် ကြိုးစားလုပ်ဆောင်ရကြောင်း ၎င်းက ဆက်ပြောသည်။

ယူကရိန်း၏အကြီးဆုံးဖြစ်သည့် အစိုးရပိုင် Sberbank ဘဏ်၊ ပုဂ္ဂလိကဘဏ်တို့ထံမှ ဝန်ဆောင်မှုသုံးစွဲသူများက ၎င်းတို့အွန်လိုင်းငွေပေးချေမှုများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ Apps များ၌ ပြဿနာများ အသီးသီး ကြုံတွေ့နေရ ကြောင်း ပြောကြားခဲ့ကြသည်။

ဆိုက်ဘာတိုက်ခိုက်သူများသည် ယူကရိန်းစစ်တပ်နှင့် ပုဂ္ဂလိကဘဏ်တို့ကို အဓိကဦးတည်၍ ပစ်မှတ်ထား တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကွန်ရက်စီမံခန့်ခွဲမှုကုမ္ပဏီ Kentik Inc ၏ အင်တာနက်သုံးသပ်လေ့လာရေးဆိုင်ရာ ဒါရိုက်တာ ဒေါက်မက်ဒိုရီ (Doug Madory) က ပြောသည်။

“ပေးသွင်းသူ (depositor) တွေရဲ့ ငွေကြေးအပေါ်မှာတော့ ခြိမ်းခြောက်မှုမရှိဘူး” ဟု ဗစ်တာဇိုရာ၏အေဂျင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မဟာဗျူဟာဆက်သွယ်ရေးနှင့်သတင်းအချက်အလက်လုံခြုံရေးဌာနတို့ ပူးတွဲ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ထို့ပြင် ယခုဆိုက်ဘာတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်တပ် လက် အောက်ရှိ တပ်ဖွဲ့အချင်းချင်း ဆက်သွယ်ရေးကိုလည်း ထိခိုက်စေခြင်း မတွေ့ရကြောင်း ဗစ်တာဇိုရာက ပြောသည်။
တိုက်ခိုက်မှု၏နောက်ကွယ်တွင် မည်သူရှိနေသလဲဆိုသည်ကို လတ်တလောပြောကြားရန် စောလွန်းသေးကြောင်း ဇိုရာက ဆက်ပြောသည်။

ယူကရိန်းကို ရုရှားကျူးကျော်မည့်အရေး စိုးရိမ်မှုတိုးနေချိန်၌ ရုရှားတပ်များ ပြန်ဆုတ်ပေးသည့်အသွင်မျိုး ဖေဖော် ဝါရီ ၁၅ ရက်တွင် ပြသခဲ့သော်လည်း အနောက်အုပ်စုနိုင်ငံများက ခိုင်လုံသည့်သက်သေတစ်ခုကို တောင်းဆိုနေဆဲ ဖြစ်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

Source: AP