CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၂၉

ယူကရိန်းနယ်စပ်တလျှောက် ရုရှားတပ်ဖွဲ့များ ဖြန့်ကြက်ထားခြင်းကြောင့် ယခုအခါ သမ္မတဗလာဒီမာပူတင် အနေဖြင့် အလုံး အရင်းနှင့် ကျူးကျော် ဝင်ရောက်မည့်လုပ်ရပ် အပါအဝင် စစ်ရေးအရ ရွေးချယ်စရာ ပြည့်နှက်နေသည့် အနေအထားသို့ ရောက် ရှိသွားပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားလိုက်သည်ဟု အေပီသတင်းအရ သိရ သည်။

“ယူကရိန်းကို တိုက်ဖို့ သမ္မတပူတင်က သူ့တပ်ဖွဲ့တွေအသုံးချဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ကျနော်တို့ မယုံကြည် ပေမယ့် အခုအချိန်မှာတော့ ဒီလိုစွမ်းဆောင်နေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု အော်စတင်က ပင်တဂွန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အနောက်အုပ်စုနိုင်ငံများသည် ရုရှားလုံခြုံရေးကို ထည့်စဉ်းစားဖို့ ပျက်ကွက်ခဲ့ကြောင်း ရုရှားသမ္မတပူတင်က ပြင်သစ်သမ္မတ မက်ခရွန်ကို ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ခဲ့သည်။ အလားတူ ရုရှားသည် စစ်ကို မလိုလား သော်လည်း ၎င်း၏တောင်းဆိုချက်များအား အပေးအယူလုပ်စရာ နေရာမရှိကြောင်း ရေဒီယိုအင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်(AP)

ပူတင်သည် ယူကရိန်းမြို့များနှင့် အရေးကြီးနယ်မြေများ သိမ်းပိုက်ရန် (သို့မဟုတ်) ယူကရိန်း ခွဲထွက်နယ်မြေများ  အသိ အမှတ် ပြုခြင်းကဲ့သို့ နိုင်ငံရေးအရ အကျပ်ကိုင်ရန် ခန့်မှန်းခြေတပ်ဖွဲ့ဝင် ၁ သိန်း၏ မည်သည့် အစိတ်အပိုင်းကိုမဆို သုံးနိုင် ကြောင်း အော်စတင်က ဆက်လက်ပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်ကို တင်းမာမှုများ အရှိန်လျှော့ချဖို့ အော်စတင်က တိုက်တွန်းခဲ့သလို အတုအယောင် စစ်ဆင်ရေးသုံး၍ ယူကရိန်းကို ရန်လိုသူအဖြစ် ပုံဖော်ရန် ရုရှားရည်ရွယ်ချက်အပေါ် အိမ်ဖြူတော်၏ မကြာသေးမီက သတိပေးချက်လည်း ထပ်လောင်းပြောကြားခဲ့သည်။

“ဒွန်ဘတ်စ်ဒေသကို နောက်ထပ်ကျူးကျော်ဖို့ (ဒါမှမဟုတ်) ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတွေ အကြောင်းပြဖန်တီးဖို့ အပါအဝင် ရုရှားဘက်က ထွက်လာတဲ့ သတင်းအမှားတွေကိုလည်း ကျနော်တို့ အာရုံစိုက်ထားတုန်း ဖြစ်ပါတယ်။ ဒါက ရုရှားရဲ့ ကစား ကွက်ထဲက အတိုင်းပါပဲ” ဟု ၎င်းက ရှင်းပြခဲ့သည်။

အော်စတင်သည် ယခု အကျပ်အတည်းနှင့်ပတ်သက်၍ လူထုထံသို့ သဘောထား မှတ်ချက်ပေးရာ၌ အမေရိကန်ကြည်းတပ် ဗိုလ်ချုပ်ကြီး မက်မိုင်လီနှင့်အတူ ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်အစိုးရ၏ ချဉ်းကပ်မှုတွင် သိမ်မွေ့စွာ အပြောင်းအလဲ ရှိကြောင်း ပြသခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ယူကရိန်း၊ နေတိုးမဟာမိတ်များနှင့် ပုံမှန်ဆွေးနွေးတိုင်ပင်ခဲ့ကြသော်လည်း လူထုရှေ့မှောက်၌ အသိပေးပြောကြားရာ၌ သံတမန်ရေးရာကြိုးပမ်းမှုများကို အထူးအာရုံစိုက်ခဲ့သည်။

Source: AP