CNI International News
အော့တဝါ၊ ဇန်နဝါရီ ၂၇
ရုရှားကျူးကျော်မည်ဆိုသော စွပ်စွဲချက်ကို ကိုးကားလျက် ကနေဒါနိုင်ငံက ယူကရိန်းမြေပေါ်တွင် ၎င်း၏ စစ်အင်အားကို ထပ်မံတိုးမြှင့်ချထားခဲ့ကြောင်း rt.com တွင် ရေးသားဖော်ပြထားသည်။
ယူကရိန်းစစ်တပ်ကို ပံ့ပိုးရန်ရည်ရွယ်၍ ၎င်း၏စစ်မစ်ရှင်ကို ၃ နှစ် သက်တမ်းတိုးမည်ဖြစ်ပြီး မြေပြင်တပ်အင်အား ၄၀၀ အထိ မြှင့်တင်သွားနိုင်ခြေဖြင့် နောက်ထပ် စစ်သည်ဦးရေ ၆၀ ထပ်မံ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံက ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။
လတ်တလော ကနေဒါစစ်သည် ၂၀၀ ခန့် ယူကရိန်းတွင် တပ်စွဲထားပြီးဖြစ်သော်လည်း လာမည့်ရက်များ၌ နောက်ထပ် စစ်သည်ဦးရေ ၆၀ ထပ်ပို့ရန်ရှိကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးက ကြေညာခဲ့သည်။
“ယူကရိန်းအတွက် ကနေဒါက လတ်တလောပေးနိုင်တဲ့ အကြီးမားဆုံးအကူအညီက လူတွေပဲဖြစ်ပါတယ်” ဟု ကနေဒါ ကာကွယ်ရေးဝန်ကြီး အန်နီတာအေနန်က ပြောကြားခဲ့သည်။ ယူကရိန်းစစ်သည် ၃၀,၀၀၀ ကျော်ကို ၎င်းတို့က လေ့ကျင့် သင်ကြားပေးနေကြောင်း သိရသည်။
“ဒီလေ့ကျင့်ရေးမစ်ရှင်ရဲ့ အရေးပါမှုကို လျှော့မတွက်သင့်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ကနေဒါစစ်တပ်ကိုတွေ့ရစဉ်။(AP)
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ရုရှားကျူးကျော်မည့်အရေးကို စိုးရိမ်ကြကြောင်း ဆက်လက် ပြသနေကြသဖြင့် ကနေဒါသည် ယူကရိန်းသို့ လက်နက်အကူအညီမဟုတ်သည့် အကူအညီမျိုးကို ပို့ပေးနေပြီး ထောက်လှမ်းရေး သတင်း အချက်လက်များလည်း မျှဝေပေးမည်ဖြစ်သည်။
“ကနေဒါသည် ယူကရိန်းအတွက် အမြဲတမ်း မိတ်ဆွေဖြစ်ကြောင်းနှင့် လိုအပ်သည့်ပံ့ပိုးမှုများ အစဉ်တစိုက် ပေးအပ်သွားရန် ရှိကြောင်း” ကနေဒါဝန်ကြီးချုပ် ထရူဒိုးက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းသို့ ချေးငွေ ဒေါ်လာ သန်း ၁၂၀ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ရုရှားကြောင့် မတည်မငြိမ်ဖြစ်နေသော ယူကရိန်း စီးပွားရေးကို အားဖြည့်ပေးနေကြောင်း၊ မိမိတို့ ယူကရိန်းနိုင်ငံမှာ ရှိနေရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ထရူဒိုးက ဆက်လက် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဗြိတိန်တို့၏ စံနမူနာအတိုင်း မလုပ်ဆောင်ဘဲ ယူကရိန်းသို့ လူအသေအပျောက်များစေမည့် လက်နက် အကူအညီမပေးရန် ကနေဒါ၏ ဆုံးဖြတ်ချက်ကို ကာကွယ်သည့်အနေဖြင့် ထရူဒိုးက “ယခုတင်းမာမှုကို ဖြေရှင်းချက်မှာ သံတမန် နည်းလမ်းဖြစ်သင့်ကြောင်း” စောဒကတက်ခဲ့သည်။
ယခင်သီတင်းပတ်တွင် ကနေဒါ အထူးတပ်ဖွဲ့ငယ်တစ်ဖွဲ့ စေလွှတ်ခဲ့ပြီး အကယ်၍ ရုရှားကျူးကျော်လာလျှင် ကနေဒါသံရုံး ဝန်ထမ်းများ ဘေးလွတ်ရာသို့ ရွှေ့ပေးရေးအစီအစဉ်များ ဖော်ဆောင်ရန်ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် ဂလိုဘယ်နယူးစ် သတင်းစာက ဖော်ပြခဲ့သည်။
မော်စကိုသည် ယူကရိန်းကို ကျူးကျော်ရန် ကြံရွယ်နေသည်ဆိုသည့် စွပ်စွဲချက်ကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး ဖြစ်သည်။ ယူကရိန်းနယ်စပ်အနီး တပ်စွဲထားသော ရုရှားတပ်ဖွဲ့ဝင် အရေအတွက်သည် အပြည့်အဝ ထိုးစစ်ဆင်ရန် မလုံလောက်ကြောင်း ကိယက်ဗ်၏ နိုင်ငံခြားရေးဝန်ကြီး ဒီမီထရီကူလာဘီက ပြောကြားခဲ့ခြင်းဖြင့် “မကြာမီ ကျရောက်တော့မည်ဆိုသော ကျူး ကျော်မည့် သတင်းများကို” တုံ့ပြန်ရှင်းလင်းခဲ့သည်။
Source: rt.com