CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂

ယူကရိန်းအရေး တင်းမာမှုများရှိနေစဉ် မိမိတို့နိုင်ငံကို စစ်ထဲဆွဲသွင်းဖို့ အမေရိကန် ကြိုးစားနေကြောင်း ရုရှားသမ္မတ ပူတင်က စွပ်စွဲပြောကြားလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းအရ သိရသည်။

ယူကရိန်းအရေး အကျပ်အတည်းနှင့်ပတ်သက်၍ ရက်သတ္တပတ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတပူတင်၏ ထင်ရှားသော မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။

သမ္မတပူတင်က “အမေရိကန်၏ ရည်မှန်းချက်သည် ထိပ်တိုက်ရင်ဆိုင်မှုကို အကြောင်းပြပြီး ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှု များ ထပ်မံချမှတ်ရန်ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

ဥရောပရှိ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး) တပ်ဖွဲ့များနှင့်ပတ်သက်၍ ရုရှား၏စိုးရိမ်မှုကို အမေရိကန် လျစ်လျူရှု ထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အလားတူ ယူကရိန်းနယ်စပ်အနီး ရုရှားတပ်များ ဖြန့်ကြက်ထားခြင်း အပေါ်မှာလည်း တင်းမာမှုများ တိုးလာနေခဲ့သည်။ ရုရှား သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း တင့်ကားများ၊ အမြောက်များနှင့် ခဲယမ်းမီးကျောက်များ အစုံအလင်ဖြင့် တပ်ဖွဲ့ ဝင် ၁ သိန်းခန့်ကို ယူကရိန်းနယ်စပ်သို့ ရွှေ့ချခဲ့သည်။

                                                                                 ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်းစကီးကိုတွေ့ရစဉ်(AP)

သို့သော် ယူကရိန်းနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသော ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်လျက် ယူကရိန်း ပိုင်နက်၏ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ သွေးထွက်သံယို ပုန်ကန်ထကြွမှုများကို ၈ နှစ်ကြာ ကျောထောက်နောက်ခံ ပြုပေးခဲ့ ပြီးနောက် ယူကရိန်းတစ်နိုင်ငံလုံးကိုပါ ကျူးကျော်ရန် စီစဉ်လာခဲ့ကြောင်း အနောက်အုပ်စုနိုင်ငံများ၏ စွပ်စွဲချက်များအပေါ် ရုရှားက ငြင်းဆိုထားသည်။

အနည်းဆုံး လူ ၁၄,၀၀၀ သေဆုံးပြီး ရုရှား ကျောထောက်နောက်ခံပြုသူပုန်များ ထိန်းချုပ်ထားခဲ့သော ယူကရိန်းအရှေ့ပိုင်း၌ နိုင်ငံတကာ သဘောတူညီချက်များအရ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ပျက်ကွက်သည်ဟု ယူကရိန်းအစိုးရကို မော်စကိုက စွပ်စွဲခဲ့သည်။

အကယ်၍ ရုရှားကျူးကျော်ခဲ့လျှင် ယူကရိန်းနှင့်ရုရှားတို့အကြား ဖြစ်ပွားသည့် စစ်ပွဲမဟုတ်တော့ဘဲ ဥရောပတခွင် အပြည့်အဝ ဖြစ်ပွားမည့် စစ်ပွဲဖြစ်လာမည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်းစကီးက ဖေဖော်ဝါရီ ၁ ရက်တွင် သတိပေးခဲ့သည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး ပူတင်က “ယူကရိန်း လုံခြုံရေး ကို အမေရိကန် သိပ်စိတ်မဝင်စားဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဓိကတာဝန်ကတော့ ရုရှားဖွံ့ဖြိုးရေးကို ထိန်းချုပ်ဖို့ ပဲ။ အဲဒီသဘောအရ ယူကရိန်းကိုယ်တိုင် သူလိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အသုံးချတဲ့ ကိရိယာတစ်ခုပဲဗျ” ဟု ပြောကြားခဲ့ သည်။

ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားဆဲဖြစ်သည့် ရုရှားနှင့်အမေရိကန်တို့အကြား ပြိုင်ဆိုင်မှုသည် စစ်အေးတိုက်ပွဲကာလ ၁၉၄၇-၁၉၈၉ ကတည်းက ဖြစ်သည်။ ထိုစဉ်က ယူကရိန်းသည် ရုရှားပြီးလျှင် ဆိုဗီယက် ကွန်မြူနစ် ပြည်ထောင်စု၏ ဒုတိယအရေးပါဆုံး အစိတ်အပိုင်းအဖြစ် တည်ရှိခဲ့ဖူးသည်။

Source: BBC