CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၅

အမေရိကန်ဦးဆောင်သော မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)အနေဖြင့် အဖွဲ့ဝင်သစ်များ လက်ခံခြင်း မပြုသင့် ကြောင်း မော်စကိုနှင့်ဘေဂျင်းတို့ သဘောတူထားကြသဖြင့် ယူကရိန်းအရေး အနောက်အုပ်စုနိုင်ငံများနှင့် အချင်းများ၍ အငြင်းပွားနေခြင်း၌ ရုရှားက တရုတ်၏ ကျောထောက်နောက်ခံပေးမှု ရရှိလိုက်ပြီဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

နေတိုးအဖွဲ့သစ်စုဆောင်းခြင်း ရပ်တန့်ရန် တောင်းဆိုမှုနှင့်ပတ်သက်၍ ဘေဂျင်းမြို့၌ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား တွေ့ဆုံမှုအပြီး ပူတင်က မိမိတို့နှစ်နိုင်ငံ၏ ဂုဏ်သိက္ခာရှိသော ဆက်ဆံရေးကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးထောပနာပြု ပြောကြားခဲ့သည်။

ရှည်လျားလှသည့် မဟာဗျူဟာ အခင်းအကျင်းဆိုင်ရာ စာတမ်းတစ်စောင်ကို မော်စကိုနှင့်ဘေဂျင်းတို့ ထုတ်ပြန်၍ ကမ္ဘာ့ လုံခြုံရေး၌ ဝါရှင်တန်သည် မတည်မငြိမ်ဖြစ်စေသည့် အခန်းကဏ္ဍတွင် ပါဝင်သည်ဟု ၎င်းတို့ပြောခဲ့သည့် သဘောထား မှတ်ချက်အား ယခုတဖန် ထပ်လောင်း ဝေဖန်ခဲ့ကြပြန်သည်။

“မိမိတို့အနေဖြင့် နေတိုး၏ နောက်ထပ် ချဲ့ထွင်မှုများကို ဆန့်ကျင်ပြီး စစ်အေးခေတ်ဟောင်း၏ အတွေးအခေါ်ဆိုင်ရာ ချဉ်းကပ်မှုများကို စွန့်လွှတ်ရန် မြောက်အတ္တလန္တိတ် မဟာမိတ်နိုင်ငံများကို တောင်းဆိုလိုက်သည်” ဟု ၎င်းတို့ ကြေညာချက် တွင် ဖော်ပြထားပြီး အခြားနိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အကျိုးစီးပွားများကို လေးစားလိုက်နာကြရန် တိုက်တွန်းထားသည်။

ယူကရိန်းသမ္မတနဲ့ နေတိုး အတွင်းရေးမှူးချုပ်ကိုတွေ့ရစဉ်(AP)

ထိုတိုက်တွန်း တောင်းဆိုချက်သည် အလားအလာရှိသည့် ပဋိပက္ခအောက်တွင် မော်စကိုနှင့် အနောက်အုပ်စုတို့အကြား အကြိတ်အနယ် အငြင်းပွားနေကြသည့် အလယ်ဗဟိုချက်တွင် ရုရှား၏လိုလားမှုများကို တရုတ်က ပဲ့တင်ထပ်စေခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင် ၁ သိန်းခန့်ကို ဖြန့်ကြက်ချထားသည်ဟု အနောက်အုပ်စုက စွပ်စွဲခဲ့ကြပြီး အကယ်၍ ယူကရိန်းနိုင်ငံထဲ ရုရှားကျူးကျော်လျှင် မော်စကိုအ‌ပေါ် ဆိုးရွားသည့် အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု ကတိပြု ထားခဲ့သည်။

ထိုစွပ်စွဲချက်များကိုတော့ ရုရှားက ငြင်းဆိုထားဆဲ ဖြစ်သည်။
ဘေဂျင်းနှင့် မော်စကိုတို့ ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာတမ်း၌ အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ဝါရှင်တန်၏ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုရှိနေသည်ဟု ဝေဖန်ထိုးနှက်ထားသည်။

ဂျာမနီနိုင်ငံ၏ဝန်ကြီးချုပ် (အဓိပတိ) အိုလာရှော့ဇ်သည် လာမည့်သီတင်းပတ် ဖေဖော်ဝါရီ ၁၄ ရက်၌ ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နောက်တစ်ရက်တွင် ရုရှားနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်က ကြေညာ ခဲ့ရာ ၎င်းသည် ယူကရိန်းအရေးကို အာရုံစိုက်ဆွေးနွေးမည့် နောက်ဆုံး ဥရောပခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

Source: Aljazeera