CNI International News

ပါရီ၊ ဖေဖော်ဝါရီ ၅

ပြင်သစ်သမ္မတနှင့် ဂျာမနီဝန်ကြီးချုပ်တို့သည် လာမည့် ရက်သတ္တပတ်များအတွင်း မော်စကိုမြို့နှင့် ကိယက်ဗ်မြို့များသို့ အသီးသီး သွားရောက်ကြမည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းကျူးကျော်ရေးအစီအစဉ်ကို ဟန့်တားရန်နှင့် ကြီးထွားလာနေသော တင်းမာမှုများမှ ရုန်းထွက်နိုင်ရေးနည်းလမ်းရှာရန် သံတမန်ရေးရာကြိုးပမ်းကြမည်ဟု ကြေညာခဲ့ကြ ကြောင်း အေပီသတင်းအရ သိရသည်။

ပြင်သစ်သမ္မတ အီမာနွယ်မက်ခရွန်က ဖေဖော်ဝါရီ ၇ ရက်တွင် မော်စကိုနှင့် ကိယက်ဗ်မြို့များသို့ သွားရောက်ရန် စီစဉ်ထားပြီး အလားတူ ဂျာမနီဝန်ကြီးချုပ် အိုလာရှော့ဇ်ကလည်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ကိယက်ဗ်မြို့နှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် မော်စကိုမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

ယူကရိန်းကို မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)ထဲသို့ သိမ်းသွင်းမည့်အရေး တားမြစ်ဖို့ ရုရှား၏တောင်းဆိုချက်ကို တရုတ်က ထောက်ခံခဲ့ပြီး ယူကရိန်းအား ကျူးကျော်တိုက်ခိုက်ရန် ကရင်မလင် လုပ်ကြံဖန်တီးကြောင်း အမေရိကန်က ဖေဖော်ဝါရီ ၃ ရက်၌ စွပ်စွဲခဲ့ပြီးနောက် ယခုကဲ့သို့ ဥရောပအဆင့်မြင့် ခေါင်းဆောင်များ၏ ခရီးစဉ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂျာမနီဝန်ကြီးချုပ် အိုလာရှော့ဇ်ကိုတွေ့ရစဉ်(Reuters)

မော်စကို၏ ပြင်းပြင်းထန်ထန် ငြင်းဆိုချက်၊ တောင်းဆိုချက်များနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အမေရိကန်က ထိရောက်စွာ တုံ့ပြန့်ခြင်း မရှိသေးပေ။

ပြင်သစ်သည် နေတိုးအဖွဲ့၌ အရေးပါသော ကစားသမားတစ်ဦးဖြစ်ပြီး နေတိုးမဟာမိတ်နိုင်ငံများအတွက် ဖြစ်နိုင်ခြေရှိသည့် ရုရှားလုပ်ဆောင်ချက်အပေါ် တန်ပြန်ပြင်ဆင်မှု တစိတ်တပိုင်းအဖြစ် ရိုမေးနီးယားနိုင်ငံသို့ ၎င်းတပ်ဖွဲ့များ ပို့ဆောင်နေပြီ ဖြစ်သည်။

မက်ခရွန်သည် ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးရေးအတွက် တက်ကြွနေလျက် မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ၎င်းတို့ နှစ်ဦး အကြိမ်ကြိမ် ဆက်သွယ် ပြောကြားခဲ့ကြပြီး ဖြစ်သည်။ ပြင်သစ်နှင့်ရုရှား ထိပ်တန်းခေါင်းဆောင်များ ဖေဖော်ဝါရီ ၇ ရက် တွင် လူချင်းတွေ့ကြမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ပြင်သစ်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မက်ခရွန်သည် ပထဝီဝင်နိုင်ငံရေးတွင် အမေရိကန်နှင့် သီးခြားခွဲထွက်သည့် ပြင်သစ်၏ ထုံးစံအတိုင်း လျှောက်လှမ်းနေသည့် အပြင် ယခု အကျပ်အတည်းအတွက် သူ့ကိုယ်ပိုင်ဟန်ပန်အတိုင်း အသိအမှတ်ပြုလိုပြီး ဥရောပ၏ အကျိုးစီးပွားကို ကာကွယ် ရန် ကြိုးစားနေသည်။

ရုရှားစစ်တပ်ကိုတွေ့ရစဉ်(AP)

ဂျာမနီကတော့ တင်းမာမှုများကို ကိုင်တွယ်ရာ၌ သံတမန်နည်းလမ်း၏ အရေးပါမှုကို အလေးပေးနေခဲ့ပြီး ယူကရိန်းသို့ လက်နက် တင်ပို့ပေးရန် ငြင်းဆိုခဲ့သဖြင့် နေတိုးမဟာမိတ်အချို့ကို ဒေါသထွက်စေခဲ့သည်။ ဂျာမနီဝန်ကြီးချုပ် ရှော့ဇ်သည် ယခုအကျပ်အတည်း၌ ခပ်လျှိုလျှိုသာနေထိုင်သဖြင့် ဂျာမနီပြည်တွင်း၌ မကြာသေးမီက ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရ သေး သည်။

သံတမန် နည်းလမ်းပေါင်းစုံဖြင့် ရက်သတ္တပတ်များစွာ ဆွေးနွေးမှုများ ရှိခဲ့လင့်ကစား ရုရှားနှင့်အမေရိကန်တို့ ပြေလည်မှု မရရှိခဲ့သဖြင့် ယခုဥရောပ ခေါင်းဆောင်များ၏ ခရီးစဉ်များသည်လည်း ယူကရိန်းအရေးကိစ္စအတွက် မည်မျှ အကျိုး သက်ရောက်မှုရှိမည်ကို မသိရသေးပေ။

Source: AP