CNI International News

ဝါရှင်တန်၊ဖေဖော်ဝါရီ ၈

မြောက်အမေရိကနှင့်ဥရောပ တိုက်နှစ်တိုက်တို့တွင် သံခင်းတမန်ခင်းများဖြင့် ပျာယာခတ်နေစဉ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂျာမနီခေါင်းဆောင်သစ်နှင့် ဖေဖော်ဝါရီ ၇ ရက်၌ တွေ့ဆုံခဲ့ရာ “အကယ်၍ ယူကရိန်းသို့ ရုရှားကျူးကျော်လျှင် ရုရှား-ဂျာမနီဓာတ်ငွေ့ပိုက်လိုင်း၌ အရေးကြီးသော Nord Stream 2 ကို ပိတ်ဆို့သွားမည် ဟူသော ကတိကဝတ်” ထွက်ပေါ်လာခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် ကျူးကျော်ရေးကိစ္စတစ်ခုတည်း သာ ဦးတည်ပြောဆိုနေသူများဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

ပူတင်နှင့် ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်တို့ မော်စကိုမြို့တွင် ၅ နာရီကြာ တွေ့ဆုံကြသည့် တစ်ချိန်တည်း မှာပင် ဘိုင်ဒန်နှင့် ဂျာမနီဝန်ကြီးချုပ် (အဓိပတိ) အိုလာရှော့ဇ်တို့ကလည်း လက်နက်ကိုင်ပဋိပက္ခ မစတင်မီ လတ်တလောအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အိမ်ဖြူတော်၌ နှီးနှောတိုင်ပင်နေခဲ့ကြသည်။

လက်ရှိအခြေအနေတွင် ယူကရိန်းနယ်စပ်၌ ရုရှားတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ အသင့်ရှိနေပြီး နေ့စဉ်နီးပါး စစ်ရေး အင်အားကို တိုးမြှင့်နေသည်။
စစ်ဖြစ်မည့်အလားအလာ တိုးလာနေကြောင်း အိမ်ဖြူတော်က သတိပေးထားပြီး ရုရှားနှင့် တိုက်ခိုက်မည်ဆိုပါက စီးပွားရေးပိတ်ဆို့မှုများအတွက် ဥရောပမဟာမိတ်များ၏အခိုင်အမာထောက်ခံချက် ရရှိရေးအတွက် ဘိုင်ဒန်က ကြိုးပမ်းနေသည်။

“တကယ်လို့ ယူကရိန်းနယ်စပ်ကို တင့်ကားတွေနဲ့ တပ်ဖွဲ့ဝင်တွေ ဖြတ်ကျော်လာပြီး ရုရှား ကျူးကျော်တာနဲ့ Nord Stream 2 ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့က အဲဒါကို အဆုံးအထိ လုပ်မှာ” ဟု ဘိုင်ဒန်က ကြုံးဝါးခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ရုရှားကို စီးပွားရေးအရ ထိခိုက်စေပြီး ဂျာမနီနိုင်ငံအတွက်လည်း စွမ်းအင်ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်စေမည်ဖြစ်သည်။ အဆိုပါဓာတ်ငွေ့ပိုက်လိုင်းသည် တည်ဆောက်မှု ပြီးစီးခဲ့သော်လည်း ပုံမှန်လည်ပတ်ခြင်းမရှိသေးပေ။

“ကျနော်တို့ ပူးပေါင်းပြီး အသင့်ဖြစ်နေပါပြီ။ နေတိုးအဖွဲ့ဝင်အားလုံးက အဆင့်သင့်ပါ” ဟု ဘိုင်ဒန်က ပြောကြား ခဲ့သည်။ ယူကရိန်းအနေဖြင့် လက်ရှိတွင် နေတိုးအဖွဲ့ဝင်မဖြစ်သေးသော်လည်း အင်အားကြီးမားလှသည့် အနောက် အုပ်စုမဟာမိတ်များကို ရည်ညွှန်းလျက် ဘိုင်ဒန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်သည် ပိုက်လိုင်းကိစ္စ ရှေ့မဆက်နိုင်အောင် အာမခံချက်တစ်ခုကို ထပ်လောင်းပြောကြားခဲ့သော်လည်း အိုလာရှော့ဇ်ကတော့ ရုရှားကို ဖိအားပေးရေးအတွက် ပိတ်ဆို့အရေးယူရာတွင် မလွတ်မကင်းဖြစ်နေမှုအချို့ကို ဆက်လက်ထားရှိရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

“သူတို့ထင်ထားတာထက် အများကြီး ပိုထိသွားနိုင်တယ်ဆိုတာ ရုရှား နားလည်ဖို့ လိုပါတယ်” ဟု အိုလာရှော့ဇ်က သတိပေးခဲ့သည်။
အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေးအကြံပေး ဂျက်ဆူလီဗန် (Jake Sullivan) က “ရုရှားသည် ယူကရိန်းကို ဘယ်နေ့မဆို ကျူးကျော်နိုင်ပြီး ကြီးမားစွာ ဆုံးရှုံးစေမည့် ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်ကြောင်း” ဖေဖော်ဝါရီ ၆ ရက်၌ သတိပေးခဲ့သည်။

Source: AP