CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၈

ယူကရိန်းသမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကိုသည် ကိယက်ဗ်အစိုးရ၏ ဖိနှိပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ယုံကြည်ထားပြီး ၎င်း ကဲ့သို့ အလားတူ ရင်ဆိုင်နေရသူများကို နိုင်ငံရေးခိုလှုံခွင့်ပေးရန် အဆင်သင့်ရှိကြောင်း ဗလာဒီမာပူတင်က ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်နှင့် ဖေဖော်ဝါရီ ၇ ရက်၌ ကျင်းပသည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အနာဂတ်ကာလမှာ သူ့အတွက် အခက်အခဲတွေ ကြုံလာရင် ရုရှားက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ အဆင်သင့်ပါပဲ” ဟု ပူတင်က ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကိယက်ဗ်၌ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ရာ ပိုရိုရှန်ကို သမ္မတ ဖြစ်လာစေမည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ပိုရိုရှန်ကို၏ရှေ့က အာဏာရခဲ့သူ ဗစ်တာယာနုကိုဗစ်ရှ်သည်လည်း ရုရှားနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိ ခဲ့ဖူးသည်။

မျက်မှောက်ကာလ၌ ယူကရိန်းတွင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် ရာထူးအလွဲသုံးစားလုပ်မှု စွဲချက်များဖြင့် ကြုံတွေ့ နေရသည့် ယူကရိန်းသမ္မတဟောင်း ပိုရိုရှန်ကိုအပေါ် ယခုကဲ့သို့ ကမ်းလှမ်းမှုသည် ဆက်လက် တည်တံ့နေဦးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်မှာ ရုရှားသမ္မတ ပူတင်က မှတ်ချက်ချခဲ့သည်။

“ဒီနေ့တော့ ဒွန်ဘတ်စ်မှာ အခြေချရေးနဲ့ပတ်သက်ပြီး ပြင်းထန်စွာ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ပိုရိုရှန်ကိုအတွက် ကျနော့်ရဲ့ကမ်းလှမ်းမှုကို ထပ်ပြီး အတည်ပြုချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပိုရိုရှန်သည် ယူကရိန်းအရှေ့ပိုင်းပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းစဉ်အတွင်း အမှားအယွင်းများစွာ လုပ်ခဲ့သည်ဟု ယုံကြည် ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ရုရှားသမ္မတ ပူတင် (AP)

ပိုရိုရှန်ကိုသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ယူကရိန်းသမ္မတ ဖြစ်ခဲ့သည်။

၎င်းသည် ယခုအခါ စွဲချက်များစွာဖြင့် ရုံးတင်စစ်ဆေးခြင်းကို စောင့်ဆိုင်းနေရသည်။ အဆိုပါစွဲချက်များမှာ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ယူကရိန်း ခွဲထွက်နယ်မြေဖြစ်သည့် ဒွန်ဘတ်စ်မှ ဒေါ်လာ ၅၄ သန်း တန်ဖိုးရှိ ကျောက်မီးသွေးဝယ်ယူရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်ခြင်း၊ အကြမ်းဖက်ဝါဒကို အားပေးကူညီခြင်းနှင့် နိုင်ငံတော်သစ္စာဖောက်မှုတို့ ဖြစ်သည်။

ဒွန်ဘတ်စ်နယ်မြေတွင် ခွဲထွက်ရေးဝါဒီများ အုပ်ချုပ်လာပြီးနောက် ဒေသတွင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ပိုရိုရှန်ကို ချိုးဖောက်ခဲ့သည်ဟု ယူဆကြောင်း အစိုးရရှေ့နေများက စွဲချက်တင်ထားကြသည်။

၎င်းအပေါ် တရားစွဲဆိုမှုသည် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း သမ္မတဟောင်း ပိုရိုရှန်ကိုက စောဒက တက်ခဲ့သည်။
ပိုရိုရှန်အား လက်ရှိ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး အစိုးရ၏ ဖိနှိပ်မှုများသည် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း ပူတင်က ကိယက်ဗ်ကို စွပ်စွဲခဲ့သည်။

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် နိုင်ငံရေး ပြိုင်ဘက်များကို ဖိနှိပ်ခြင်းနှင့် မီဒီယာလွတ်လပ်ခွင့် ထိပါးလာခြင်း တို့လည်း ပါဝင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ဘက်နှင့် တောင်ဘက်ရှိမြို့များတွင် နေထိုင်သော နိုင်ငံသားအများစု၏ မိခင်ဘာသာစကားမှာ ရုရှားဘာသာ စကားဖြစ်သော်လည်း ထိုအလေ့အထကို လက်ရှိအစိုးရ အသစ်ပြဋ္ဌာန်းသော ဥပဒေက အသိအမှတ် မပြုသည့်အပြင် ယူကရိန်းဘာသာသို့ ပြန်ဆိုမှု မပါဝင်လျှင် မီဒီယာများ၌ ရေးသားဖော်ပြခွင့်မပြုပေ။ သို့သော် ခြွင်းချက်အနေဖြင့် ယူကရိန်း ပြည်တွင်းရှိ အခြားလူနည်းစုများအတွက် အင်္ဂလိပ်နှင့် ခရိုင်းမီးယား တာတာ့စ် ဘာသာစကားတို့ကို ခွင့်ပြုထားသည်။

Source: rt.com