CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၉

မော်စကိုအနေဖြင့် ယူကရိန်း အကျပ်အတည်းကို ဇာတ်ရှိန်မြှင့် နေခြင်းမဟုတ်ဟု မိမိကို ရုရှားသမ္မတ ဗလာဒီမာပူတင် ရှင်းပြ ခဲ့ကြောင်း ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်၏ ဖေဖော်ဝါရီ ၈ ရက် ပြောကြားချက်ကို အေပီသတင်းဌာနက ရေးသား ဖော်ပြထားသည်။

စစ်အေးခေတ်နောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုတို့အကြား အကြီးမားဆုံး လုံခြုံရေး အကျပ်အတည်းကို ကိုယ်စားပြုလာ သည့် ယူကရိန်းတင်းမာမှုများ ဇာတ်ရှိန်တက်လာခြင်းအတွက် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် အချိန်ယူရလိမ့်ဦးမည် ဖြစ်ကြောင်း မက်ခရွန်က ဆက်လက် ပြောကြားခဲ့သည်။

အကျပ်အတည်း တိုးလာမှုကို လျှော့ချနိုင်ရန် သဘောတူညီချက်ကိုလည်း မိမိနှင့် သမ္မတပူတင်တို့ ရရှိခဲ့ကြောင်း ယူကရိန်း ခရီးစဉ်၌ ပြင်သစ်သမ္မတ မက်ခရွန် ထုတ်ဖော် ပြောကြားခဲ့သော်လည်း ၎င်း၏ပြောကြားချက်ကို ကရင်မလင် နန်းတော် ကတော့ ငြင်းပယ်ထားသည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က “လက်ရှိအခြေအနေမှာ မော်စကိုနဲ့ ပါရီတို့ ဘာသဘောတူညီချက်မှ မရသေးပါဘူး” ဟု တုံ့ပြန်ခဲ့သည်။

မက်ခရွန်နဲ့ ဇာလန်စကီးကိုတွေ့ရစဉ်(AP)

ရုရှားကျူးကျော်မည်ကို စိုးရိမ်နေကြချိန်၌ မက်ခရွန်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးနှင့် တွေ့ဆုံခဲ့သည်။ ယူကရိန်းနယ်စပ်အနီး ၎င်းတပ်ဖွဲ့ဝင် ၁ သိန်းကျော် ဖြန့်ချထားသော်လည်း တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း မော်စကိုက အခိုင်အမာ ပြောကြားနေဆဲဖြစ်သည်။

ယူကရိန်းနှင့် အခြားဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဟောင်းများကို မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး) ထဲသို့ ဆွဲမသွင်းရန် အနောက်အုပ်စု၏ အာမခံချက်နှင့် အရှေ့ဥရောပရှိ နေတိုးတပ်များ ပြန်ဆုတ်ပေးရန်တို့ကို မော်စကိုက လိုလားနေသည်။

သမ္မတပူတင်နှင့် ၅ နာရီကျော်ကြာ တွေ့ဆုံခဲ့စဉ်အတွင်း “သူက ဒီကိစ္စ အရှိန်မြှင့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါက အရေးကြီး တယ်လို့ ကျနော်ထင်ပါတယ်”ဟု မက်ခရွန်က ပြောကြားခဲ့သည်။

မော်စကိုမြို့မှ ထွက်ခွာပြီးနောက် ကိယက်ဗ်မြို့သို့ ရောက်ရှိစဉ် ဇာလန်စကီးနှင့် ပူးတွဲကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ မက်ခရွန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းအရေး ဇာတ်ရှိန်မြှင့်နေချိန် စစ်ရေးပြင်ဆင်နေခြင်း(AP)

ရုရှားသည် စစ်ကစားရန်အတွက် ဘီလာရုစ်နိုင်ငံသို့လည်း ၎င်းတပ်ဖွဲ့ဝင်များ အမြောက်အမြား စေလွှတ်ထားသော်လည်း ထိုနိုင်ငံ၌ အမြဲတမ်းအားဖြင့် စစ်အခြေစိုက်စခန်း (သို့မဟုတ်) ပုံသေတပ်စွဲထားမှု ရှိမည်မဟုတ်ကြောင်းလည်း ပူတင်၏ အဆို ကို ကိုးကားလျက် ပြင်သစ်သမ္မတ မက်ခရွန်က ဆက်လက် ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုပြီးလျှင် ရုရှားတပ်များကို ဘီလာရုစ်နိုင်ငံထဲမှ ပြန်လည်ဆုတ်ခွာပေးရန် အစီအစဉ်တကျ လုပ်ဆောင်ခဲ့ ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က ပြောကြားခဲ့သည်။

တင်းမာမှုများ လျော့ကျစေဖို့ ပူတင်ထံမှ ခိုင်မာသော ခြေလှမ်းများကို ကြိုဆိုရမည်ဖြစ်ပြီး ယေဘုယျအားဖြင့် ပူတင်၏ စကား ကို အယုံအကြည်မရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့သည်။

မက်ခရွန်ကတော့ မျှော်လင့်ချက်များ ရေရှည်တောင့်ခံနိုင်စေရန် သံခင်းတမန်ခင်းဖြင့် ကြိုးစားခဲ့သည်။

Source: AP