CNI International News
ကင်ဘာရာ၊ ဖေဖော်ဝါရီ ၁၂
လက်ရှိ ဘေဂျင်းဆောင်းရာသီ အိုလံပစ်ကာလအတွင်း ယူကရိန်းကို ရုရှားကျူးကျော်နိုင်သဖြင့် အမေရိကန်နိုင်ငံသားများ အရှေ့ဥရောပနိုင်ငံများကနေ ချက်ချင်းထွက်ခွာသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားလိုက်သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
အထူးသဖြင့် အမေရိကန်နိုင်ငံသားအားလုံး ယူကရိန်းမှ ထွက်ခွာကြရန် တောင်းဆိုသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ နောက်ဆုံးထုတ်ပြန်သော လုံခြုံရေးသတိပေးချက် နောက်ကွယ်ရှိ အကြောင်းအရင်းများကိုမူ ဘလင်ကင်က အသေး စိတ် ရှင်းပြခြင်းမရှိပေ။
“ရှင်းရှင်းပြောရရင် ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ တိုးချလာတဲ့အတွက် အင်မတန်စိုးရိမ်စရာ အရိပ်လက္ခဏာတွေကို ကျနော်တို့ ဆက်မြင်နေတုန်းပါ” ဟု ဘလင်ကင်က ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ပြောကြားခဲ့သည်။
“အိုလံပစ်ပွဲတော်အတွင်း အချိန်မရွေး ကျူးကျော်ဝင်ရောက်နိုင်တာကြောင့် ကျနော်တို့က မျက်ခြေမပြတ် စောင့်ကြည့် နေပါတယ်” ဟု ဘလင်ကင်က ထပ်လောင်းပြောကြားခဲ့သည်။
ဘေဂျင်းအိုလံပစ် အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြီးဆုံးရန် စီစဉ်ထားသည်။
ရုရှားသည် ယူကရိန်းနိုင်ငံအနီးတွင် တပ်ဖွဲ့ဝင်အင်အား ၁ သိန်းကျော် စုဆောင်းချထားပြီးဖြစ်သော်လည်း ကျူးကျော်ရန် အစီအစဉ်မရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး ယူကရိန်းနှင့်အခြား ဆိုဗီယက်နိုင်ငံဟောင်းများကို မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)ထဲ အနောက်အုပ်စုအနေဖြင့် ဆွဲမထည့်ရန် မော်စကိုက လိုလားနေသည်။
ယူကရိန်းစစ်ပွဲ ခြိမ်းခြောက်မှု၊ ရုရှားနှင့်တရုတ်တို့ ခိုင်မာသော မဟာမိတ်ဖွဲ့မှုတို့ကို အမေရိကန်နှင့် အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျစသည့် မဟာမိတ်များအကြား ဖေဖော်ဝါရီ ၁၀ ရက် ကင်ဘာရာမြို့ ဆွေးနွေးပွဲ၌ အလေးပေး တိုင်ပင် ညှိနှိုင်း ခဲ့ကြသည်။
အမေရိကန်နှင့် အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျ Quad(ကွက်ဒ်)မဟာမိတ် လေးနိုင်ငံ(AP)
အဆိုပါ Quad(ကွက်ဒ်) ၄ နိုင်ငံတို့သည် တရုတ်၏ ဒေသတွင်းလွှမ်းမိုးမှု ကြီးထွားလာခြင်းကို တန်ပြန်ရန်အတွက် အင်ဒို-ပစိဖိတ် ဒီမိုကရေစီ အစုအဖွဲ့အဖြစ် ဖွဲ့စည်းထားကြသည်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီစ်ပေနီက “မော်စကိုနဲ့ ဘေဂျင်းတို့ မဟာမိတ်ဖွဲ့မှုသည် လွတ်လပ်မှု၊ ပွင့်လင်းမှု၊ အချုပ်အခြာအာဏာ အကာအကွယ်ပေးရေး ရည်မှန်းချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကို ကိုယ်စားပြုခြင်းမရှိ၍ နယ်မြေစိုးမိုးရေးသို့သာ ဦးတည်ကြောင်း” ကင်ဘာရာမြို့အစည်းအဝေး၌ ပြောကြားခဲ့သည်။
Source: AP