CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးတို့သည် ဖေဖော်ဝါရီ ၁၃ ရက်က တစ်နာရီကြာ တယ်လီဖုန်းပြောခဲ့ကြပြီး ဖြစ်လာနိုင်ခြေရှိသည့် ရုရှားစစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုမှန်သမျှကို အမေရိကန်က အဆောတလျင် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ဘိုင်ဒန် ကတိပေးခဲ့ကြောင်း rt.com ဝက်ဘ်ဆိုက်က သတင်းဖော်ပြသည်။

၎င်းတို့နှစ်ဦး ဖုန်းခေါ်ဆိုမှုအပြီးတွင် အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ရာ၌ “ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုအတွက် အမေရိကန်၏ ကတိကဝတ်ကို သမ္မတဘိုင်ဒန်က ထပ်လောင်း အတည်ပြုခဲ့ကြောင်း၊ ယူကရိန်းအပေါ် ရုရှား၏ နောက်ထပ် ရန်လိုမှုမှန်သမျှအတွက် အမေရိကန်အနေဖြင့် မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ လက်တွဲ၍ တုံ့ပြန် သွားမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

ဘိုင်ဒန်နှင့်ဇာလန်းစကီးတို့သည် သံတမန်ရေးရာ ဆက်လက် လုပ်ဆောင်ဖို့ အရေးကြီးသည်ကို လက်ခံခဲ့ကြသော်လည်း ဘိုင်ဒန်နှင့် အမေရိကန်အစိုးရ ထိပ်တန်းအရာရှိများက ရုရှားနှင့်အပေးအယူတစ်ခု လုပ်ဆောင်ရန် လမ်းဖွင့်ထားခြင်း မရှိပေ။

ယူကရိန်းအနေဖြင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ထဲ ဝင်မည့်အလားအလားကို အမေရိကန် ခွင့်ပြုပေးမည်ဟု အခိုင်အမာပြောကြားထားသလို ရုရှားကလည်း လုံခြုံရေးခြိမ်းခြောက်ခြင်းအဖြစ် ရှုမြင်ကြောင်း ရုရှားမီဒီယာ rt.com က ဆက်လက် ရေးသားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးကိုတွေ့ရစဉ်

ဘိုင်ဒန်နှင့် ဇာလန်းစကီးတို့သည် ပြီးခဲ့သည့် ဇန်နဝါရီနှောင်းပိုင်းတွင် နောက်ဆုံး ဆွေးနွေးခဲ့ကြပြီးနောက် အမေရိကန် လက်နက်များ ပေးပို့သည့်အချိန်၌ ဘိုင်ဒန်ကို ကျေးဇူးတင်သော်လည်း ဖြစ်နိုင်ခြေရှိသော ရုရှားတိုက်ခိုက်မှုအတွက် ယူကရိန်း သတင်းပေးပို့မှုအပေါ် ပိုမိုသတိထားရန် ဝါရှင်တန်အား ဇာလန်းစကီးက တိုက်တွန်းခဲ့သည်။

ဇန်နဝါရီ ဆွေးနွေးမှု အပြီးကလည်း ယူကရိန်းကို ရုရှားကျူးကျော် ဝင်ရောက်ရန် စီစဉ်နေကြောင်း အမေရိကန် စွပ်စွဲချက်နှင့် စပ်လျဉ်း၍ သက်သေအထောက်အထားများ ချပြရန် ဇာလန်းစကီးက တောင်းဆိုခဲ့သည်။

ယူကရိန်းကို ယခုလတ်တလော မည်သည့်နေ့တွင်မဆို စစ်ရေးအရ ကျူးကျော်နိုင်သည်ဟု ဝါရှင်တန်က တရားဝင် ကျယ် ကျယ် လောင်လောင် ပြောကြားနေသော်လည်း ဇာလန်းစကီးကမူ “အရာအားလုံးကို ထိန်းချုပ်ထားနိုင်ကြောင်းနှင့် မကြာမီ ပဋိပက္ခဖြစ်မည့် အရိပ်အယောင်မရှိကြောင်း” အခိုင်အမာ ပြောကြားခဲ့သည်။

ထောက်လှမ်းရေး အစီရင်ခံစာများကို ကိုးကားခြင်းထက် ကျော်လွန်၍ ခိုင်မာသည့် သက်သေ အထောက်အထားမပြဘဲ “ရုရှားကျူးကျော်မည်ဟူသောစွပ်စွဲချက်” ကို အမေရိကန်က ရက်သတ္တပတ်ပေါင်းများစွာပင် ပြောကြားနေခဲ့ခြင်းဖြစ်သည်။

သို့သော် ဖြစ်နိုင်ခြေရှိသော ပဋိပက္ခများတွင် အမှန်တကယ် လှုံ့ဆော်သူဖြစ်သည့် အမေရိကန်၏ ပြောကြားချက်များကို တဖက်စွန်းရောက်ကြောင်း (သို့မဟုတ်) လုံးဝ သတင်းအတုဖြစ်ကြောင်း ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံး ပယ်ချခဲ့သည်ဟု သိရသည်။

အမေရိကန်သည် အခြားသော ကမ္ဘာလုံးဆိုင်ရာ ရန်လိုသည့်လှုံ့ဆော်မှုများ ဆောင်ရွက်နေစဉ်အတွင်း “ဘုံသဘောအယူဖြင့် ယူကရိန်းပြည်သူများကို လှောင်ပြောင်သရော်နေခြင်းသာဖြစ်ကြောင်း” ဖေဖော်ဝါရီ ၁၂ ရက်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက စွပ်စွဲပြောကြားခဲ့သည်။

Source: rt.com