CNI International News

ရီယာ့ဒ်၊ အောက်တိုဘာ ၁၅

ယူကရိန်းနိုင်ငံသို့ ဆော်ဒီအာရေဗျက လူသားချင်း စာနာမှုအကူအညီ ဒေါ်လာ သန်း ၄၀၀ ပေးအပ်မည်ဟု ဆော်ဒီအစိုးရပိုင် SPA သတင်းအေဂျင်စီက ကြေညာခဲ့ကြောင်း ရိုက်တာက ရေးသားဖော်ပြသည်။

ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သည် အောက်တိုဘာ ၁၄ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးထံသို့ တယ်လီဖုန်း ခေါ်ဆိုစဉ် ယင်းသို့အကူအညီကို ကတိပြုခဲ့သည်။

ဖုန်းခေါ်ဆိုစဉ်အတွင်း အိမ်ရှေ့မင်းသားက “ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းလုပ်ဆောင်ရန် နိုင်ငံတော်အဆင့် အသင့်ရှိပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း” SPA သတင်း၌ ဆက်လက် ဖော်ပြထားသည်။

အဆိုပါ အကူအညီပေးရေး အစီအစဉ်သည် ယူကရိန်း-ရုရှား ပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံသားများ ဆင်းရဲ ဒုက္ခရောက်နေမှုများကို သက်သာရာ ရစေမည်ဖြစ်သည်။

ဆော်ဒီ ထီးနန်း၏ ဝန်ကြီးချုပ်အဖြစ် မိုဟာမက်ဘင်ဆယ်လ်မန် ခန့်အပ်ခံရခြင်းအတွက် ဇာလန်းစကီးက ချီးကျူးဂုဏ်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ် (Reuters)

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ရုရှား၏ နယ်မြေ သိမ်းပိုက်မှုအပေါ် ရှုတ်ချကြခြင်းအပေါ် ဆော်ဒီ ထောက်ခံမဲပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဇာလန်းစကီးက ပြန်လည် ပြောကြားခဲ့သည်။

“ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့ စကားပြောခဲ့ပါတယ်။ ယူကရိန်းနယ်မြေ သိမ်းပိုက်ခံရခြင်းအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချတဲ့အပေါ် ထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ပါတယ်” ဟု ဇာလန်းစကီး၏ တွစ်တာစာမျက်နှာတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားတပ်ဖွဲ့များ ဖမ်းဆီးထားသည့် ယူကရိန်းစစ်သုံ့ပန်းများကို ပြန်လွှတ်ပေးဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆော်ဒီ အိမ်ရှေ့စံ မင်းသားသည် ပြီးခဲ့သည့်လ၌ ဖျန်ဖြေရေး ကြိုးပမ်းမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အမေရိကန်လူမျိုးနှစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးကို အောင်မြင်စွာ လွတ်မြောက်စေခဲ့သည်။

အောက်တိုဘာ ၁၂ ရက်တွင် ဆော်ဒီအာရေဗျသည် ကုလသမဂ္ဂအဖွဲ့ဝင် ၁၄၂ နိုင်ငံအတူ ရုရှား၏ ကျူးကျော် သိမ်းပိုက်မှုကို ဆန့်ကျင်သည့် အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သည်။

Source: Reuters, english.alarabiya.net