CNI International News

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၅

တည်ကြည်သောမွန်းတည့် (Steadfast Noon) ဟု အမည်ပေးထားသည့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၇ ရက်တွင် စတင်မည်ဟု မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)က အောက်တိုဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဘယ်လ်ဂျီယံနိုင်ငံပေါ်သို့ လေတပ်လေ့ကျင့်မှုအဖြစ် လေယာဉ်အစင်း ၆၀ ပါဝင်မည်ဖြစ်ပြီး မြောက်ပိုင်းပင်လယ်ဒေသနှင့်ဗြိတိန်ပိုင်နက်အတွင်း ဥရောပအခြေစိုက် အမေရိကန် နျူကလီယားဗုံးများ သုံးစွဲနည်း လက်တွေ့လေ့ကျင့်သွားမည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားသည် ယူကရိန်းစစ်မျက်နှာတွင် စစ်ရေးအရ ရှုံးနိမ့်မှုများ ရင်ဆိုင်ခဲ့ရပြီးနောက် နျူကလီးယား လက်နက် ထုတ်သုံးမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်လာခဲ့ရာ နေတိုးကလည်း ယခုကဲ့သို့ နျူကလီးယားစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်လာခဲ့သည်။

နေတိုး တပ်ဖွဲ့ဝင်များ၏ စစ်ရေးလေ့ကျင့်နေမှု

ယခု နေတိုးစစ်ရေးလေ့ကျင့်မှုအစီအစဉ်သည် ရုရှား၏ အောက်တိုဘာကုန်ပိုင်း ပုံမှန်ခင်းကျင်းလေ့ကျင့်နေကျ ဖြစ်သည့် Grom အမည်ရှိ နျူကလီးယားစစ်ရေးလေ့ကျင့်မှုနှင့်လည်း တိုက်ဆိုင်နေသည်။ ထို့ပြင် ရုရှားသည် ၎င်း၏နျူကလီးယားဗုံးကြဲလေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ ဒုံးကျည်များ စမ်းသပ်အချိန်နှင့်လည်း တိုက်ဆိုင်နေ ပြန်သည်။

သို့ရာတွင် ရုရှားနှင့် နောက်ဆုံးတင်းမာသည့်အခြေအနေရှိနေ၍ အနာက်နိုင်ငံများ၏စစ်ရေးလေ့ကျင့်မှုကို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ခြင်း မပြုခဲ့ကြောင်း နေတိုးက ပြောကြားခဲ့သည်။

“အောက်တိုဘာ ၃၀ ရက်အထိ ကျင်းပမယ့် ဒီလေ့ကျင့်မှုဟာ ပုံမှန်အတိုင်းလေ့ကျင့်တာဖြစ်ပြီး လက်ရှိကမ္ဘာ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်မှုမရှိပါဘူး” ဟု နေတိုးမဟာမိတ်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။ လက်နက်များ တိုက်ရိုက်သုံးစွဲခြင်း ရှိမည်မဟုတ်ဟု ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

နေတိုး တပ်ဖွဲ့ဝင်များ၏ စစ်ရေးလေ့ကျင့်နေမှု


“အခုလေ့ကျင့်မယ့်အစီအစဉ်ဟာ နေတိုးမဟာမိတ်တွေရဲ့ နျူကလီးယားအဟန့်အတားဟာ ဘေးကင်းလုံခြုံပြီး ထိရောက်မှုရှိတဲ့အကြောင်း ပြသဖို့ဖြစ်ပါတယ်” ဟု နေတိုး၏ပြောရေးဆိုခွင့်ရှိသူ အိုယာနာလန်ဆက် (Oana Lungescu) က ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့် လေယာဉ်အစင်း ၆၀ အထိ ပါဝင်မည်ဖြစ်သည်။ ဈေးကွက်အတွင်း ခေတ်အမီဆုံး နောက်ဆုံးပေါ် တိုက်လေယာဉ်များနှင့် အမေရိကန် B-52 တာဝေးပစ်ဗုံးကြဲလေယာဉ်များကို မြောက်ပိုင်း ဒါကိုတာဒေသရှိ၊ မီနော့ (Minot) လေတပ်စခန်းမှ စတင်ပျံသန်း မည်ဟု နေတိုးကြေညာချက်အရ သိရသည်။

နိုင်ငံတကာအခြေအနေတင်းမာနေသော်လည်း မိမိတို့မဟာမိတ်အဖွဲ့၏စစ်ရေးလေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ်ချ် (Jens Stoltenberg) က အောက်တိုဘာ ၁၁ ရက်၌ ပြောကြားခဲ့ပြီးဖြစ်သည်။

Source: Reuters