CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၅

ယူကရိန်းသို့ နောက်ထပ် ဒေါ်လာ ၇၂၅ သန်း တန်ဖိုးရှိ လက်နက်နှင့် အခြားစစ်ရေး အကူအညီများကို အမေရိကန် မှ ပေးပို့သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားက အောက်တိုဘာ ၁၅ ရက် တွင် သတင်းဖော်ပြသည်။

ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းပစ်မှတ်များကို ရုရှားဒုံးကျည် ပစ်ခတ်မှုများရှိခဲ့သည့် ယခု သီတင်းပတ် အတွင်း ဥရောပမဟာမိတ်များထံမှ အကူအညီများ ရရှိရေးအတွက်လည်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က “ယူကရိန်းနိုင်ငံတဝန်းရှိ အရပ်သားများကို ရက်စက် ကြမ်းကြုတ်စွာဖြင့် ရုရှားတိုက်ခိုက်နေသည့် အထောက်အထားများ တိုးပွားနေသဖြင့် ယခုစစ်ရေး အကူအညီ ထပ်မံပေးအပ်ရန် ဖြစ်လာခဲ့ကြောင်း” အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်စစ်သားများကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်း ကာကွယ်ရေး သမားများက ရုရှား၏တပ်ဖွဲ့များကို တွန်းလှန်နေချိန်၌ အမေရိကန်သည် ယူကရိန်းနှင့် အတူ တစိတ်တဝမ်းတည်း ရပ်တည်ပေးနေကြောင်း ဘလင်ကင်က နောက်ပိုင်းတွင် တွစ်တာလူမှုကွန်ရက်၌ ပြောကြားခဲ့သည်။

ဝါရှင်တန်၏ နောက်ဆုံး ပေးအပ်သော စစ်ရေးအကူအညီများထဲတွင် ဟိုင်းမာ့စ် (HIMARS) ဒုံးကျည်စနစ်အတွက် ခဲယမ်းမီးကျောက်များ ပါဝင်သည်။

ဂျိုးဘိုင်ဒန် အစိုးရလက်ထက် ယူကရိန်းသို့ ပေးအပ်သည့် အကူအညီမှာ စုစုပေါင်း ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံ အထိ ရှိသွားပြီဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ သီးခြားထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

အမေရိကန်သည် ယူကရိန်းသို့ ဟိုင်းမားစ် ဒုံးကျည် ပစ်လွှတ်သည့် စနစ်ပေါင်း ၂၀ အထိ ပေးအပ်ခဲ့ပြီး နောက်ထပ် ၁၈ ခုကိုလည်း လာမည့် နှစ်များတွင် ဆက်လက် ပို့ပေးမည်ဟု ကတိပြုထားသည်။

ယူကရိန်းနဲ့ အမေရိကန် အလံများကိုတွေ့ရစဉ် (GETTY IMAGES)

ဟိုင်းမားစ်သည် ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ ဖြတ်တောက်ရန်အတွက် တံတားများ၊ သိုလှောင်ရုံများ အပါအဝင် အခြားအဓိက ပစ်မှတ်များကို ယူကရိန်း တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးရာ တွင် အရေးပါသော လက်နက်ကြီးဖြစ်ကြောင်း သက်သေပြခဲ့သည်။

ထိုသို့ ရုရှားကို တုံ့ပြန်တိုက်ခိုက်ရာတွင် အောင်မြင်စေခဲ့သည့် လက်နက်စနစ်များအတွက် ထောင်နှင့်ချီ၍ လိုအပ် သည့် ခဲယမ်းမီးကျောက်များကို ယခုစစ်ရေး အကူအညီ၌ အဓိက ရည်ရွယ်ထားသည်။

ယူကရိန်းသို့ ရုရှားကျူးကျော်စစ် ကာလသည် ၈ လတိုင်တိုင် ရှိသွားပြီ ဖြစ်သည်။

Source: Aljazeera