CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၅ ရက်)တွင် ကျရောက်သည့် NCA စာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုခြင်း (၇) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျာ၊ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ရာမှာ ရပ်တည်သွားရမယ့် အခြေခံအချက် နှစ်ခုရှိပါမယ်၊ ဒါတွေ ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွား ပါမယ်၊ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားပါမယ်၊ NCA အပေါ်မှာ ဘာကြောင့် ရပ်တည်သင့်တယ်ဆိုတာ ကျနော်ပြောခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်ဟာလည်း တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားတာ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ အစုအဖွဲ့၊ တိုင်းရင်းသားလူမျိုးများ အစု အဖွဲ့၊ တောင်သူလယ်သမား အစုအဖွဲ့၊ အလုပ်သမားအစုအဖွဲ့၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အစုအဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့၊ အခြားဖိတ်ကြားသင့်တဲ့ အစုအဖွဲ့များ စတဲ့ အစုအဖွဲ့ (၈) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ထိုးကြစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေး စွဲခြင်း ကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၉၆ ခုနှစ်အထိ နှစ်နှစ်ကျော်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံ၌ အဆိုပါ အစုအဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးမှ ဆွေးနွေး ရေးဆွဲခဲ့ဖြစ် ကြောင်း ၎င်းက ပြောသည်။

နစကနှင့် တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရပ်တည်သွားမည်ဆိုသည်မှာ လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်း‌ရေး ကိစ္စများကို ရည်ရွယ်‌၍ ပြောဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များတွေ့ဆုံစဉ်

၎င်းက “အဓိက ပြောချင်တာက ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲအတိုင်းပဲ သွားမယ်ဆိုတာ အဓိကပြောချင်တာက ငြိမ်းချမ်းရေးကိစ္စကို ပြောချင်တာ၊ ငြိမ်းချမ်းရေးကိစ္စ အခုသူက တာဝန်ယူထားတဲ့ ကာလမှာ နစက တာဝန်ယူ ထားတဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ တင်ပြတဲ့ အထဲကနေပြီးတော့ သူတို့ သဘောကျတယ်၊ ဖြစ်သင့်တယ်၊ ဖြစ် စေချင်တယ်ဆိုတဲ့ဟာကို ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ အခြေခံဥပဒေ ပြင်စရာတွေ ပါလာရင် လွှတ်တော်ထဲကြ မှ ပြင်မယ်၊ အဲဒီအခါမှာ တပ်အနေနဲ့ ထောက်ခံပေးမယ်၊ အဓိကအားဖြင့် အဲဒါကို သူပြောချင်တာ၊ အဲဒါကို ပြောချင် တဲ့ အတွက်ကြောင့်မို့ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ သွားမယ်ဆိုပြီးတော့ ဒီငြိမ်းချမ်းရေး (၇) နှစ်မြောက်ကို ရည်ရွယ်ပြီးမှ ပြောတာ” ဟု ပြောသည်။

နစကအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှ ရွေးကောက်ပွဲကို လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပ သွား မည်ဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာကို လွှဲအပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။