CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)သည် မူလ NCA ပြဋ္ဌာန်းချက်များကို အပြည့်အဝ အကောင်အထည် မဖော်နိုင်တော့သည့်အတွက် ပြည်သူလူထုများအား အကျပ်အတည်းများမှ လွတ်မြောက်နိုင်စေရန် NCA ၏ အခြေခံမူ ၃ ရပ်ကိုသာ ကိုင်စွဲ၍ အတတ်နိုင်ဆုံး အကောင်အထည်ဖော်ရေး ကြိုးပမ်းနေဆဲဖြစ်သည်ဟု PPST က ယနေ့ (အောက်တိုဘာ ၁၄ ရက်)ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေး အခြေအနေ အပြောင်းအလဲ ကြီးမားစွာ ဖြစ်ပေါ်လာသဖြင့် နောက်ဆက်တွဲ မတည်ငြိမ်မှုများ၊ ပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခများ တစ်နေ့ထက် တစ်နေ့ ကြီးထွားလာ ခဲ့ကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးသည်လည်း အကျပ်အတည်း မျိုးစုံနှင့်ကြုံတွေ့နေရကြောင်း PPST က ဆိုသည်။

အဆိုပါ အကျပ်အတည်းများကနေ လွတ်မြောက်နိုင်ရန်အတွက် NCA ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံး ပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများအား အကာအကွယ်ပေးရေး ဟူသော အခြေခံမူ ၃ ရပ်ကို ယနေ့အချိန်အထိ ကြိုးပမ်း အကောင် အထည်ဖော် နေကြောင်း PPST က ထုတ်ပြန်ခဲ့သည်။

 PPST အဖွဲ့ အစည်းအဝေး ကျင်းပနေစဉ် (NCA-S EAOs)

PPST က “ NCA သည် ပြည်တွင်းစစ်ကို ဦးတည်နေသည့် လက်ရှိ အကြမ်းဖက် ပဋိပက္ခများကို ရပ်စဲ၊ လျော့ နည်းစေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အခြေခံအပေါ် ပြည်သူလူထုအများစုက လိုလားတောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် အစပျိုး တည်ဆောက်ရန် လမ်းစပင်ဖြစ် ကြောင်း မိမိတို့ PPST က အလေးအနက် ယုံကြည်ပါတယ်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

မြန်မာနိုင်ငံသမိုင်းတွင် ပင်လုံစာချုပ်ပြီးနောက် ဒုတိယ အရေးပါဆုံး စာချုပ်တစ်ရပ်ဖြစ်သည့် NCA ဟု အတို ကောက်ခေါ်သော စာချုပ်ကို ပြင်ဆင်ညှိနှိုင်းဆွေးနွေးသည့် ကာလ ၂၀၁၁ မှ လက်မှတ်ရေးထိုးပြီး အကောင် အထည်ဖော်သည့်ကာလ ၂၀၂၁ နှစ်ဦးအထိ ၁၀ နှစ်ကြာရှိချိန်တွင် ပြည်သူ လူထုတစ်ရပ်လုံးသည် တည်ငြိမ် အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူတစ်ဦးချင်း၏ လွတ်လပ်မှုတို့ကို သိသာစွာ ရရှိခံစားခဲ့ရခြင်းမှာ NCA အကျိုး ကျေးဇူးကြောင့်ဆိုလျှင် မှားမည်မထင်ပါဟု PPST က ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၇ နှစ်ပြည့်မည် ဖြစ်သည်။

PPST ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုက ရေ စီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ NCA လက်မှတ်ထိုးခဲ့သည်။

PPST ကို NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။