CNI International News

လာပက်ဇ်၊ ဇွန်လ ၂၂

ဘိုလီးဗီးယားနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် အစိုးရဆန့်ကျင်သည့် ဆန္ဒ ပြပွဲများ လနှင့်ချီ ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေသည် ပိုမိုဆိုးရွားလာသော  နိုင်ငံရေးအကျပ်အတည်း တစ်ခု အဖြစ်သို့ ပြောင်းလဲလာခဲ့သဖြင့် သမ္မတ ရိုဒရီဂို ပက်ဇ် (Rodrigo Paz) က ဇွန်လ ၂၀ ရက်၌ အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။

အလုပ်သမားသမဂ္ဂများ၊ လယ်သမားများနှင့် သမ္မတဟောင်း အီဗို မိုရာလက်စ် (Evo Morales) ကို ထောက်ခံ သူများက ဦးဆောင် ပြုလုပ်နေသည့် ထိုဆန္ဒပြပွဲများတွင် ပက်ဇ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေကြ သည်။

လွန်ခဲ့သည့် ရက်ပေါင်း ၅၀ ကျော်အတွင်း လမ်းပိတ်ဆို့မှုများကြောင့် နိုင်ငံ၏ အချို့ဒေသများတွင် စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးများ ပြတ်လပ်မှုများ ဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

ဘိုလီးဗီးယားမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့ကြစဉ်

ဘိုလီးဗီးယားနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အကျိုးဆောင်ရုံး၏ ထုတ်ပြန်ချက်အရ မေလ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ကြား အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

“နိုင်ငံအတွင်းက လမ်းတွေကို ပြန်ဖွင့်ပေးနိုင်ဖို့အတွက် အရေးပေါ် အခြေအနေကြေညာဖို့ ကျနော် စီစဉ်ညွှန်ကြား ထားပါတယ်။ ဘိုလီးဗီးယား ပြည်သူတွေအနေနဲ့ အလုပ်လုပ်တာ၊ ပညာသင်ကြားတာ၊ ဆေးကုသမှုခံယူတာ၊ ကုန် ပစ္စည်း ရိက္ခာတွေ ဝယ်ယူတာနဲ့ မိသားစုအတွက် စားနပ်ရိက္ခာ ရှာဖွေတာတွေကို အဟန့်အတား ဖြစ်စေတဲ့ လမ်း ပိတ်ဆို့မှုတွေရဲ့ ဓားစာခံအဖြစ် ဆက်ပြီး ပိတ်လှောင် မခံနိုင်တော့ပါဘူး” ဟု ပက်ဇ်က နိုင်ငံတော်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ယခုလုပ်ဆောင်ချက်သည် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အား တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းရန် လမ်းခင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

ဘိုလီးဗီးယားမှာ ဆန္ဒပြသူတွေက လမ်းပိတ်ထားစဉ်

“စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက နိုင်ငံတော်အုပ်ချုပ်မှုစနစ် ရပ်ဆိုင်းသွားစေဖို့ အကြမ်းဖက်မှု တွေကို ဆက်လက် အသုံးပြုနေကြတယ်”ဟု ပတ်ဇ်က ပြောကြားခဲ့ပြီး ယခုအရေးပေါ် အခြေအနေ ကြေညာ ခြင်းသည် ဘိုလီးဗီးယားနိုင်ငံတွင် ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသူများကမူ ပက်ဇ် အနေဖြင့် လစ်ဘရယ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စွန့်လွှတ်ရန်နှင့် သမ္မတ သက်တမ်း တစ်နှစ်မပြည့်မီမှာပင် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

ပတ်ဇ်သည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ပြီး စက်တင်ဘာလတွင် စက်သုံးဆီ ပံ့ပိုးမှု သေချာစေရေးအတွက် အမေရိကန်အရာရှိများနှင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် ပြုလုပ်ရန် အစီအစဉ်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

Source: CNN