CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းမှုမှာ ၎င်းတို့ အစိုးရတစ်ရပ် ဖြစ်သည့် အခါ အကြီးဆုံးရာထူးကို လျာထားခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းတို့၏ မူဝါဒအတိုင်း အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ မိမိ၏ တစ်ဦးတည်း အမြင်အရ အကြီးဆုံးရာထူးကို လျာထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

စောခွန်ကျော်ဝင်းက “အဲဒါကတော့ သူတို့ လာမယ့်‌ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုရင် သူတို့ ဘယ်နိုင်ငံရေးပါတီ မဆို သူတို့ လျာထားတာ ရှိမှာပေါ့နော်၊ ဒါတော့ သူတို့ အတွင်းရေး ကျနော်တို့ လောလောဆယ်တော့ မခန့်မှန်းနိုင် ဘူးပေါ့နော်၊ ဒါပေမဲ့ များသောအားဖြင့် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းမဆို ဥက္ကဋ္ဌ ဖြစ်တဲ့လူကတော့ ဒါသူတို့ပေါ့ နော် ဥပမာ အစိုးရတစ်ရပ် ဖြစ်လာတဲ့အခါ ဒီအတွင်းမှာ အကြီးဆုံးရာထူးကို လျာထားတာတော့ များတာပေါ့နော်၊ ဖြစ်နိုင်ချေများတာပေ့ါနော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့သော USDP ပါတီ၏ အစည်းအဝေးအပြီး ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် ပါတီဥက္ကဋ္ဌတာဝန်ကို ဒုဥက္ကဋ္ဌ(၂) ဦးခင်ရီထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသန်းဋ္ဌေးမှာ ကျန်းမာရေး အခြေအနေများကြောင့် USDP ပါတီဥက္ကဋ္ဌ တာဝန်ကို လွှဲပေးလိုက်ခြင်းဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးခင်ရီနဲ့ ဦးသန်းဋ္ဌေးကိုတွေ့ရစဉ် 

၎င်းက “သူတို့ ကြေညာထားတာတော့ ကျန်းမာရေးကြောင့်လို့ ပြောတာပဲ။ လာမယ့် မကြာခင် အောက်တိုဘာလ ထဲလား မသိဘူး။ သူတို့ ပါတီညီလာခံ လုပ်ဖို့ရှိတယ်လေ၊ အဲဒီတော့ ပါတီညီလာခံမှာကြတော့ ခေါင်းဆောင် အသစ်တွေ ပြန်ရွေးရမှာ အဲဒီတော့ ဒီကြားထဲမှာ အဲဒီပါတီညီလာခံ ကျင်းပဖို့ ပြင်ဆင်တာ၊ ဒီခေါင်းဆောင်သစ် ရွေးချယ်မှုအတွက် ပြင်ဆင်တာတွေ လုပ်ဖို့အတွက် နောက် သူ့နဂိုကလည်း ကျန်းမာရေး ခါးခွဲထားရတယ်လို့ ကြားတယ်၊ အဲဒါတွေကြောင့် တာဝန်လွှဲပေးလိုက်တာလို့ အဲဒီလို ယူဆတာပဲ” ဟု ပြောသည်။

ဦးခင်ရီသည် နစက၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ယူခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ တာဝန်က အနားယူပြီး ပါတီလုပ်ငန်းတာဝန်များကို ပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။

တချို့ကတော့ ဦးခင်ရီသည် နစက ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် USDP အနိုင်ရပါက အစိုးရဖွဲ့စည်းသည့် အခါ သမ္မတ သို့မဟုတ် ဒုသမ္မတအဖြစ် မြင်တွေ့လာရနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများကြား ထင်ကြေးပေး နေကြသည်။

လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၂ ဦး၊ ဗဟိုကော်မတီ ဝင် ၂၇၅ ဦးနှင့် အရံ ဗဟိုကော်မတီဝင် ၇၅ ဦးရှိကြောင်း သိရသည်။