CNI International News
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂
လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့နှင့် အစားအသောက်ဈေးနှုန်းများ တဟုန်ထိုး တက်နေခြင်းကြောင့် လူနေမှု စရိတ်များ သိသိသာသာ တိုးလာမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်တွင် စက်တင်ဘာ ၂၁ ရက်၌ လူထောင်နှင့်ချီ၍ စုဝေးဆန္ဒပြခဲ့ကြကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
နိုင်ငံတဝန်းမှ လူအများအပြား စုဝေးခဲ့ကြရာတွင် ခန့်မှန်းခြေ ၁ သောင်းဝန်းကျင်ရှိကြောင်း အလုပ်သမားများ သမဂ္ဂနှင့် ဘရပ်ဆဲလ်မြို့တော် ရဲတပ်ဖွဲ့တို့က ပြောကြားခဲ့သည်။
“ဘဝတွေက အင်မတန်ဈေးကြီးပါတယ်။ အခု ဖြေရှင်းချက် လိုချင်တယ်”
“ကျွန်ုပ်တို့လုပ်ခလစာမှအပ အရာအားလုံး ဈေးတက်ကုန်ပြီ” စသည့် စာတန်းများ ကိုင်ဆောင်လျက် ချီတက် လှည့်လည်ကြရာ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုနှင့် အများပြည်သူသွားလာရေး အတန်ကြာ ခက်ခဲသွားခဲ့သည်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လယ်ခေါင် ဆန္ဒပြပွဲမြင်ကွင်း(ဓါတ်ပုံ-အေပီ)
ယခုသီတင်းပတ်အတွင်း ဘယ်လ်ဂျီယံမီဒီယာတစ်ခုမှ ကောက်ခံခဲ့သော စစ်တမ်းတစ်ခုသို့ ဝင်ရောက်ဖြေဆိုသူ ၆၄ ရာခိုင်နှုန်းတို့က ၎င်းတို့နေ့စဉ်သုံးစွဲနေရသည့် လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့အတွက် ငွေတောင်းခံလွှာ များ မပေးချေနိုင်တော့မည်ကို စိုးရိမ်နေကြကြောင်း ထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် စစ်တမ်းဖြေဆိုသူ ၈၀ ရာခိုင် နှုန်းတို့က ယခင်နှစ်ထက် နှစ်ဆကျော်တက်လာသည့် ဓာတ်အားခနှင့်ဓာတ်ငွေ့ခများ မတတ်နိုင်တော့မည်ကို ပူပန်နေကြသည်။
“ကျနော်တို့ စားဖို့သောက်ဖို့ အခြောက်အခြမ်းလေးတွေ သွားဝယ်တဲ့အခါ တွန်းလှည်းနဲ့လိုက်ရောင်းတဲ့ ဈေးသည် ဆိုရင် အရင် ယူရို ၂၀ (ဒေါ်လာ ၃၀) လောက်ပဲရှိတဲ့ပစ္စည်းက အခု ဈေးပိုတက်လာပြီ။ ခင်ဗျား သွားဝယ်တဲ့ဆိုင်က ပိုသန့်ရင် ဒီထက်ပိုပြီး ကျသင့်လိမ့်မယ်။ ကျနော်တို့ ပိုက်ဆံအိတ်တွေ လိုက်မမီတာ ဖြစ်ကုန်ပြီဗျ” ဟု ဘရပ်ဆဲ မြို့ခံတစ်ဦးဖြစ်သူ ဆန္ဒပြပွဲပူးပေါင်းပါဝင်ခဲ့သည့် ပါစကယ်ခရာဇိုက ပြောကြားခဲ့သည်။
ယူကရိန်းတွင် ရုရှားကျူးကျော်စစ်ရှိနေ၍ လျှပ်စစ်နှင့်ဓာတ်ငွေ့ဈေးနှုန်းတက်သဖြင့် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒားဒီခရိုး (Alexander de Croo) က လာမည့်ဆောင်းရာသီသည် ပြီးခဲ့သည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း အခက်ခဲဆုံးကာလအဖြစ် ဖြတ်သန်းရလိမ့်မည်ဟု သတိပေးခဲ့သည်။
ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၇ နိုင်ငံသည် ယခုဆောင်းရာသီတွင် သဘာဝဓာတ်ငွေ့သုံးစွဲမှု ပျမ်းမျှ ၁၅ ရာခိုင်နှုန်း လျှော့ချရန် သဘောတူလက်ခံထားကြသည်။
အထူးသဖြင့် အလိုအပ်ဆုံးဖြစ်သည့်အခါမျိုးတွင် ဝယ်လိုအားကို လျှော့ချနိုင်ရန် တိုင်ပင်ညှိနှိုင်းထားကြသည်။
EU နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများသည် လက်ရှိအကျပ်အတည်းကို ဆွေးနွေးအဖြေရှာနိုင်ရန် လာမည့် သီတင်းပတ်၌ တွေ့ဆုံကြရန် စီစဉ်ထားသည်။
Source: AP