CNI International News

ဆိုးလ်၊ ဩဂုတ် ၈

သမ္မတ ယွန်ဆော့ရွဲ(Yoon Suk-yeol)ကို လူထုမလိုလား၍ ကန့်ကွက်မှုအဆင့်သတ်မှတ်ချက်သည် 70 ရာခိုင်နှုန်းအထိ စံချိန်တင် အမြင့် ဆုံးသို့ ရောက်ရှိသွားကြောင်း ဩဂုတ် ၈ ရက် (ယနေ့) တွင် စစ်တမ်းတစ်စောင်တွင် ဖော်ပြထားကြောင်း ကိုရီးယားတိုင်းမ် မီဒီယာက ရေးသားဖော်ပြသည်။

အာဏာရပါတီအတွင်း ငွေကြေးဖောင်းပွမှုနှင့် မငြိမ်မသက်မှုများ မြင့်မားလာမှုအပေါ် ဆက်လက် စိုးရိမ်ပူပန်မှုများနှင့် အဆိုပြုထားသည့် ပညာရေးမူဝါဒတို့ကြောင့် ယခုကဲ့သို့ ကန့်ကွက် ဆန့်ကျင်မှု ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း အဆိုပါ စစ်တမ်းက ဆက်လက် ဖော်ပြခဲ့သည်။

ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ကိုရီးယားလူ့အဖွဲ့အစည်း သဘောထားဆိုင်ရာသိပ္ပံကျောင်း (Korea Society Opinion Institute-KSOI) က ကောက်ယူခဲ့သော ပြည်သူ ၁,၀၀ ၂ ဦး၏ စစ်တမ်းတွင် ၇၀ ဒသမ ၁ ရာခိုင်နှုန်းသည် သမ္မတ၏ စွမ်းဆောင်ရည်အပေါ် အဆိုးမြင် အကဲဖြတ်မှုများ ပြသဖြေဆိုခဲ့ကြရာ ယခင်အပတ်ကထက် အဆိုးမြင်မှု ၁ ဒသမ ၆ ရာခိုင်နှုန်း တက်လာခဲ့သည်။

သီးခြား စစ်တမ်းကောက်ယူသည့် နောက်ထပ် တစ်ဖွဲ့ဖြစ်သော Realmeter ကလည်း ဩဂုတ် ၁ ရက်မှ ၅ ရက်အထိ Realmeter အမည်ရှိ စစ်တမ်း ကောက်ခံရေးအဖွဲ့တစ်ဖွဲ့က ကိုရီးယားပြည်သူ ၂,၅၂၈ ဦးကို ဆန္ဒသဘောထား စစ်တမ်း ကောက်ခံခဲ့ရာ ယွန်ဆော့ရွဲအပေါ် ထောက်ခံမှုနှုန်း ယခင်သီတင်းပတ်ထက် ၃ ဒသမ ၈ ရာခိုင်နှုန်း ထပ်မံ ကျဆင်းလာ ခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ၎င်း(သမ္မတ ယွန်ဆော့ရွဲ)သည် တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ဝတ္တရားများကို ကောင်းစွာ ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားပြည်သူများ (AFP)

သမ္မတအပေါ် အဆိုးမြင် အကဲဖြတ်သူနှုန်းမှာ ယခင်က ၃ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာ ၆၄ ဒသမ ၅ ရာခိုင်နှုန်းသို့ တရှိန်ထိုး မြင့်တက်သွားခဲ့ပြီး ထိုနှုန်းမှာ အကောင်းမြင် အကဲဖြတ်သူရာခိုင်နှုန်း၏ နှစ်ဆကျော် ဖြစ်သွားခဲ့သည်။

စစ်တမ်းသို့ ဆန္ဒသဘောထား မဲပေးကြသူများမှာ အပတ်စဉ် အကြောင်းအမျိုးမျိုးကြောင့် ထောက်ခံမှုနှုန်း ကျဆင်းနေခဲ့ရာ ကလေးများ ကျောင်းဝင်ခွင့် အသက်အရွယ် လျှော့ချရန် တောင်ကိုရီးယား ပညာရေးဝန်ကြီး ပက်ဆောင်အေ၏ အဆိုပြုချက် အပါအဝင် အာဏာရပါတီအတွက် ဦးဆောင်မှု နှုန်းစံနှင့် စီးပွားရေး မပြေလည်မှုများ ဆက်တိုက် ရှိနေခဲ့၍ ဖြစ်သည်။

“ကျောင်းဝင်ခွင့် အရွယ်ကိစ္စမှာ အိမ်ရှင်မတွေရဲ့ နှစ်သက်ဖွယ်အဆင့် သတ်မှတ်ချက်ဟာ အရင်က ၄၀ ရာခိုင်နှုန်းအထက်မှာ ရှိနေခဲ့တာကနေ အခုတော့ အဲဒီအဆင့်က သိသိသာသာ ကျဆင်းသွားပါတယ်” ဟု Realmeter ၏ အကြီးတန်းသုတေသီ ဘေချွဲဟို (Bae Cheol-ho) က ပြောကြားခဲ့သည်။

“အာဏာရပါတီနဲ့ အတိုက်အခံ ပါတီတွေအတွက် အရေးပေါ်စနစ် အဆင့်သို့ ရောက်လာချိန်မှာတော့ မကြာမီက စီးပွားရေး အကျပ်အတည်းနဲ့ Covid-19 ကြောင့် ထိခိုက်မှုတွေဟာ အတိုက်အခံပါတီထက် ယောင်ဆန်းနဲ့ အာဏာရပါတီအပေါ်မှာ ဖိအား ပိုများပါလိမ့်မယ်” ဟု ဘေချွဲဟိုက သမ္မတရုံးတည်နေရာ ယောင်ဆန်းရပ်ကွက်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အဓိက အတိုက်အခံဖြစ်သော ဒီမိုကရက်တစ်ပါတီကို ထောက်ခံသည့် အဆင့် သတ်မှတ်ချက်များမှာ ယခင် ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိရာမှ ယခု ၄၈ ဒသမ ၅ ရာခိုင်နှုန်းသို့ တက်လာခဲ့သည်။ ထိုတက်လာသည့် နှုန်းသည် ရက်သတ္တပတ် ၁၀ ပတ် ဆက်တိုက် တက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်းတွင် ယုံကြည်ရသည့် အဆင့် သတ်မှတ်ချက်မှာ ၉၅ ရာခိုင်နှုန်းဖြစ်ပြီး လွဲချော်မှု အပေါင်း (သို့မဟုတ်) အနုတ် ရာခိုင်နှုန်းမှာ ၁ ဒသမ ၉ ဖြစ်ကြောင်း သိရသည်။

Source: Korea Times