CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးဟောင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်း ထောင်(အင်းစိန်)အနီးတွင် သြဂုတ် ၂၅ ရက်နေ့က ဖမ်းဆီးခံရမိကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်ခဲ့သည်။


သြဂုတ် ၂၁ ရက်က တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိ နေအိမ်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့စဉ် ခင်မြတ်သူ(NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) အပါအဝင် ကိုထိန်ဝင်း၊မအေးမင်းစိုး၊ မအေးသူဇာ၊ ကိုဇော်လင်းတို့ ၅ ဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။


ဖမ်းဆီးရမိခဲ့သူ ကိုထိန်ဝင်း၏ ထွက်ဆိုချက်အရ သြဂုတ် ၂၂ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၃၃၀/ခ) တိုက်ခန်းသို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ်အသံမိုင်း ၃၅ လုံး၊ လက်လုပ်မီးခိုးမိုင်း ၂၈ လုံး၊ လက်လုပ်ယမ်းလုံး(အသေး) ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံး ပြုသော အခြား ဆက်စပ်ပစ္စည်းများ၊ လက်ပံတန်း ဂျီတီအိုင်ကျောင်းသားများ သပိတ်စစ်ကြောင်းစာသားပါ ဗီနိုင်းတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟုလည်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်မှာ ဆိုထားသည်။

ထို့နောက် ဆက်စပ်သူများဖြစ်သည့် စံပယ်(မင်္ဂလာဒုံ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆေးဘက်ဆိုင်ရာတာဝန်ခံ)ကို သြဂုတ် ၂၂ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အမှတ်(၁၂၇)၌လည်းကောင်း၊ သြဂုတ် ၂၃ ရက်တွင် ကိုထွန်းထွန်းအား ထောက်ကြန့်မြို့၊ လမ်းဆုံရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၅၃)၌လည်း ကောင်း၊ ဥမ္မာခင်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၀ ရပ်ကွက်၊ ထွန်းသီရိ(၁)လမ်း၊ အမှတ်(၅၂၄/က)၌ လည်းကောင်း၊ အေးငြိမ်းမိုးနှင့် အောင်သူထက်တို့ကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ခိုင်ရွှေဝါ လမ်း၊ အမှတ်(၃၂၆)တွင်လည်းကောင်း၊ သြဂုတ် ၂၅ ရက်တွင် ဒေါ်ခင်စန္ဒာဝင်း(ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေ သကြီး၊ လူမှုရေးဝန်ကြီးဟောင်း၏ဇနီး)ကို အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်း ထောင် (အင်းစိန်)အနီးတွင်လည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ဆိုသည်။


တခြားသော သတင်းများအရ ရန်ကုန်တိုင်းဒေသကြီး၊လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းကို ထောင်ဝင်စာ သွားတွေ့ရာမှာ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကို ဖမ်းဆီးလိုက်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုကြသည်။