“လောလောဆယ်မှာ မီဒီယာက အစွန်းနှစ်ဖက်လွတ်အောင် ပရော်ဖက်ရှင်နယ်ဖြစ်အောင် လုပ်ဖို့တော့ တော်တော်တော့ ခက်ခဲတဲ့ အနေအထားတော့ ရှိတယ်။

အဲလိုခက်ခဲတော့ မရှိဘူးလားဆိုတော့ ရှိပါတယ်။ တကယ့်ကို ပရော်ဖက်ရှင်နယ်မီဒီယာ၊ သတင်းစာပညာရဲ့ သတင်းသမားရဲ့ ပရော်ဖက်ရှင်နယ်အပေါ်မှာ ရပ်တည်မယ်ဆိုတဲ့ မီဒီယာလည်း ရှိပါတယ်” ဦးမြင့်ကျော်က ပြောသည်။

သို့သော်လည်း ပရော်ဖက်ရှင်နယ်အပေါ် ရပ်တည်သည့် သတင်းမီဒီယာအနေနှင့် ဝင်ငွေအားဖြင့် ခက်ခဲလိမ့်မည်ဖြစ်ပြီး ပရိတ်သတ်အနေဖြင့်လည်း ၎င်းတို့ အားပေးချင်သည့်ဘက်တွင် ဘက်လိုက်ပြီး မရေးဟုဆိုသည့် ပရိတ်သတ်များလည်း၏ ဖိအားများလည်း ရှိလာနိုင်သည်ဟု ၎င်းက ပြောသည်။

မွန်သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဆရာနိုင်ဗညားအောင်က အစွန်းနှစ်ဘက်ကြားမှာ အတတ်နိုင်ဆုံး ရှောင်ကာ ရေးသားနေရပြီး သတင်းသမားများအနေဖြင့် သတင်း၏ စဉ်းမျဉ်းများအတိုင်း တင်ဆက်သွားမည်ဟု ဆိုသည်။

“ကျနော်တို့ အစွန်းနှစ်ဘက်ကြားမှာ အတတ်နိုင်ဆုံးရှောင်တယ်။ တစ်ခါတလေကြတော့ ဘာသတင်းမှ မရေးဘူး။ နှစ်ဘက်စလုံး။ ဘာလို့လည်းဆိုတော့ တစ်ဘက်နဲ့ တစ်ဘက် စွပ်စွဲတာရှိတယ်။ သတင်းအနေအထားအရ ရေးသင့်တဲ့ ဟာတွေကြီးပဲ။ ရေးလိုက်ရင် တစ်ဘက်က ကျနော်တို့ကို တစ်မျိုးပြောတယ်။ ဘယ်ဟာမှ ကျနော်တို့က အပြောမလွတ်ဘူး။ ကျနော်တို့က ဆက်ရေးနေမယ်ဆိုရင် ကျနော်တို့ကို ရန်သူသဖွယ် Comment တွေမှာကြည့်လိုက်ရင်။ ကျနော်တို့က အဖြစ်အပျက်ကို ရေးနေတဲ့ ဟာတွေပါ။ အကောင်းဘက်ကို ဖြစ်အောင် ကျနော်တို့က ပို့ပေးနေတဲ့ ဟာတွေပါ” ဟု ပြောသည်။

လက်ရှိတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အရ ရပ်တည်မည့် သတင်းမီဒီယာ နည်းပါးလာပြီး အချို့ဌာနများတွင် မီဒီယာ၏ စံနှုန်းအတိုင်း လုပ်ဆောင်နေသည့် မီဒီယာများလည်း ရှိနေသည့်အတွက် မိမိတို့အနေဖြင့် အသိအမှတ်ပြု လေးစားကြောင်း ဦးမြင့်ကျော်က ဆိုသည်။

“စောစောက ပြောသလို ဒီဂယက်ကြီးထဲမှာ ဒီလှိုင်းကြီးထဲမှာ တခါတလေမှာ အများနဲ့ ဆန့်ကျင်ပြီး တစ်ချို့သော အချက်အလက်တွေ အများပြည်သူနားလည်သင့်တယ်။ ပြောသင့်တယ်ဆိုတဲ့ အချက်အလက်တွေ၊ သတင်းမျိုးတွေ ရှုထောင့်မျိုးတွေ ပြောဖို့က သတင်းသမားတွေ အနေနဲ့ သတ္တိရှိဖို့လိုတာပေါ့။ သတ္တိရှိဖို့ဆိုတာက ဒီဟာက အများအတွက် အကျိုးရှိမယ့်ဟာ၊ အများသိသင့်တဲ့ဟာ၊ အချက်အလက်ကလည်း မှန်ကန်တယ်၊ ခိုင်မာတယ်။ အတည်ပြုထားတယ်။ ကိုယ်လည်း သတင်းသမားရဲ့ သတင်းစာဆရာရဲ့ ရပ်တည်ချက်၊ ဘက်မလိုက်မှု၊ လွတ်လပ်မှုစသဖြင့်ပေါ့နော်။ အဲတာတွေ ရေးသားဖို့ဆိုရင် သတ္တိရှိဖို့ လိုအပ်တာပေါ့” ဟု ဦးမြင့်ကျော်က ပြောသည်။

အမေရိကန်သံရုံးမှ “သတင်းထောက်တွေဟာ သူတို့အလုပ်သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေ ကြားသိရတဲ့အတွက် မိမိတို့တုန်လှုပ်ချောက်ချားရပါတယ်။ မြန်မာနဲ့ ကမ္ဘာတစ်လွှားက ပြည်သူလူထုတွေအနေနဲ့ သူတို့ယုံကြည်တာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ရှိရမှာဖြစ်ပြီး သတင်းအချက်အလက်၊ အတွေးအမြင်တွေကိုလည်း လွတ်လွတ်လပ်လပ် ရှာဖွေ၊ ရရှိ၊ မျှဝေနိုင်ရမှာဖြစ်ပါတယ်။ သတင်းထောက်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ လွတ်လွတ်လပ်လပ် တင်ပြခွင့် ရှိကိုရှိရမှာပါ” ဟု ဩဂုတ် ၂၆ ရက် ယနေ့မှာ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဟု ပြောဆိုသုံးနှုန်းရေးသားခြင်း မပြုရန် တားမြစ်သည့် ကိစ္စနှင့် ပတ်သက်၍ အများထင်သာမြင်သာအောင် ပြောဆိုခြင်းဖြစ်ကာ စစ်တပ်က ဖွဲ့စည်းထားသည့် ကောင်စီကို စစ်ကောင်စီဟု သုံးနှုန်းခြင်းဖြစ်ကာ ၎င်းနာမည် သုံးနှုန်းခြင်းကြောင့် ကောင်းခြင်း၊ ဆိုးခြင်းကို တိုက်ရိုက်သက်ရောက်သည်ဟု မ
ဆိုလိုကြောင်း ဦးမြင့်ကျော်က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်က VOA ၏ မြန်မာပိုင်းဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နှင့် BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာရယူပြီးနောက် ပြည်တွင်းမီဒီယာ ၈ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမား အယောက် ၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရမှု၊ တရားစွဲဆိုမှုများ ရှိခဲ့သည်။