တာလီဘန်တို့ မြို့တော်ကဘူးလ်ကို သိမ်းလိုက်ပြီးနောက် ထောင်နှင့်ချီ အာဖဂန်ပြည်သူများ တိုက်ပွဲဝင်ရန်နှင့် လုံခြုံစိတ်ချ ရာတွင် ခိုလှုံရန် ပန်ဂျရှားပြည်နယ်သို့ ထွက်ခွာသွားကြကြောင်း အစိုးရဟောင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အလီမိုင်ဆမ် နာဇရီက ပြောသည်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်(9/11)အကြမ်းဖက်တိုက်ခိုက်မှု မတိုင်ခင် နှစ်ရက်အလိုတွင် အယ်လ်ကိုင်းဒါးအဖွဲ့၏ လုပ်ကြံခြင်းကိုခံခဲ့ရသူ မူဟာဟစ်ဒင်တပ်မှူး အာမက်ရှားမာဆွတ်၏သားဖြစ်သူ အာမက်မာဆွတ်က ယခုအခါ လူပေါင်း ၉၀၀၀ ကျော်ကို စုစည်းထားကြောင်း နာဇရီက ထပ်လောင်းပြောကြားသည်။
၎င်းတို့ စစ်ရေးလေ့ကျင့်နေစဉ် အေအက်ဖ်ပီက ရိုက်ကူးထားသော မှတ်တမ်းပုံများအရ ကဘူးလ်မြို့၏ အရှေ့မြောက်ဘက် ချိုင့်ဝှမ်းတစ်ခုကို ဖြတ်သန်းမောင်းနှင်နေသော တပ်သားသစ်စုဆောင်းရေး မော်တော်ယာဉ်ပေါ်မှ တပ်သား ဆယ်ဂဏန်း လောက်ကို မြင်တွေ့ရသည်။
အာဖဂန်အမျိုးသားတော်လှန်ရေးတပ်ဦး (NRF) ၏ အဓိကပန်းတိုင်မှာ နိုင်ငံအတွင်း နောက်ထပ် သွေးထွက်သံယိုမှုများကို ရှောင်ရှားပြီး အစိုးရစနစ်သစ်ပေါ်ပေါက်လာရေး ဖိအားပေးရန်ဖြစ်သည်။
Photo: AFP
သို့သော် ၎င်းတို့တပ်ဖွဲ့သည် ပဋိပက္ခဖြစ်ရန် အဆင်သင့်ဖြစ်နေပြီး တာလီဘန်တို့ဘက်မှ လာရောက်ညှိနှိုင်းခြင်းမရှိလျှင် နိုင်ငံတဝန်း ခုခံတွန်းလှန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း နာဇာရီက သတိပေးသည်။
“ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု အခြေအနေဟာ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချဖို့ဖြစ်တယ်။ အဲဒီလိုလျှော့ချဖို့ လူမှုတန်းတူညီမျှရေး၊ အခွင့်အရေးနှင့်လွတ်လပ်မှု အာမခံပေးတဲ့စနစ် ရှိလာဖို့ပဲဖြစ်ပါတယ်” ဟု နာဇရီက ပြောသည်။
အကယ်၍ ထိုအချက်များအပေါ် တာလီဘန်များ သဘောမတူပါက ရေရှည်ပဋိပက္ခ ရှိလိမ့်မည်ဖြစ်ကြောင်း NRT နိုင်ငံခြား ဆက်ဆံရေး တာဝန်ယူထားသူ နာဇရီက အေအက်ဖ်ပီသို့ ရှင်းပြသည်။
တစ်ချိန်တည်းမှာပင် အာဖဂန်နစ္စတန်မြောက်ပိုင်းမှ ဒေသခံခေါင်းဆောင်များနှင့် ပါကစ္စတန်အာဏာပိုင်များ ပြီးခဲ့သည့် ရက်ပိုင်းအထိ တွေ့ဆုံဆွေးနွေးမှုများ ရှိနေကြောင်း ၎င်းကဆက်ပြောသည်။
တာလီဘန်များအနေဖြင့် အာဖဂန်နယ်မြေ အများစုကို ထိန်းချုပ်ထားသော်လည်း အချို့ဒေသများရှိ ဒေသခံပြည်သူ့စစ်များက တာလီဘန်တို့၏ တင်းမာသော အုပ်ချုပ်ရေးကို စတင်ဆန့်ကျင်ခဲ့ကြပြီး အာမက်မာဆွတ်၏ NRF တပ်များနှင့် လာရောက် ချိတ်ဆက်ကြကြောင်း နာဇရီက အပြုသဘောဆောင်သည့်အမြင်ဘက်မှ ချပြခဲ့သည်။