CNI International News

ဘန်ကောက်၊ဩဂုတ် ၂၇

တိုးတက်မှုရပ်တန့်စေခဲ့သည့် စစ်တပ်အာဏာသိမ်းခြင်းကို လက်ရှိဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဦးဆောင်ခဲ့သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးရေး အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ထရာက ဝမ်းနည်းစွာဖြင့် ညည်းညူခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသား ဖော်ပြသည်။

၎င်း၏ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာ၌ ယင်းလပ်က “မိမိ၏ဖူထိုင်းညွန့်ပေါင်းအစိုးရကို ဗိုလ်ချုပ်ကြီး ပရာယွတ်ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှုမရှိခဲ့လျှင် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ၂၀၁၁ ဩဂုတ် ၂၃ ရက်၌ ထိုစဉ်က ဝန်ကြီးချုပ်ရာထူးဖြင့် မိမိချမှတ်ခဲ့သော မူဝါဒများသည် ယခုမျက်မှောက်ကာလ အသီးအပွင့်များ ဖြစ်နေလိမ့်မည်” ဟု ရေးသားထားသည်။

ယင်းလပ်အစိုးရ၏ထင်ရှားသည့်လုပ်ဆောင်ချက်များတွင် ဆန်အာမခံအစီအစဉ်နှင့် မြန်နှုန်းမြင့် မီးရထား ပြေးဆွဲရေးအတွက် အလွန့်အလွန်များပြားသော ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုတို့ပါဝင်ခဲ့သည်။

“အဲဒီအခွင့်အလမ်းတွေ ဆုံးရှုံးရပြီးတဲ့နောက်မှာ ကျမတို့နိုင်ငံ ပြန်လည်စတင်နည်းလမ်းတွေ နောက်ထပ်တဖန် ရှာရမှာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်” ဟု ယင်းလပ်က ရင်ဖွင့်သည်။

မစ္စယင်းလပ်သည် မကြာသေးမီက ၎င်း၏လူမှုကွန်ရက်မီဒီယာပေါ်တွင် တက်ကြွလှုပ်ရှားနေခဲ့ပြီး သစ်သီးဝလံနှင့် စပါးဈေးများအတွက် တောင်သူများကို ကျားကန်ပေးဖို့ အစိုးရဘက်မှ ပျက်ကွက်ခဲ့ခြင်းအတွက် ၎င်းက ထောက်ပြ ဝေဖန်ခဲ့သည်။

ယင်းလပ်သည် ၂၀၁၄ ခုနှစ်၊ မေလ ၇ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏အဆုံးအဖြတ်ဖြင့် ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ရက်သတ္တနှစ်ပတ်အကြာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ စစ်တပ် အာဏာသိမ်းမှု ပေါ်ပေါက်လာကာ ယင်းလပ်အစိုးရကို ဖြုတ်ချခဲ့သည်။

ယင်းလပ်၏ဆန်အာမခံအစီအစဉ်တွင် အကျင့်ပျက်ခြစားမှုအပေါ် လျစ်လျူရှုတာဝန်ပျက်ကွက်မှုဖြင့် အပြစ် ရှိကြောင်း စွဲချက်တင်ကာ မျက်ကွယ်စီရင်ချက်အရ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရသည်။

Source: Bangkok Post