CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၆

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် အမေရိကန်၊ Capitol (လွှတ်တော်)ဖြစ်စဉ်နှင့်ပတ်သက်၍ အောက်လွှတ်တော်ကော်မတီ၏ ကြားနာမှုမှ ထွက်ပေါ်လာသော သတင်း အချက်အလက်များကြောင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ စိတ်ကျန်းမာရေး အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့ကြောင်း ၎င်း၏တူမတော်စပ်သူ စိတ်ပညာရှင် မေရီထရမ့်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု Yahoo News ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုဖြစ်စဉ်၏ ဂယက်ကြောင့် ဒေါ်နယ်ထရမ့်နှင့် အနီးကပ် နေထိုင်သူတိုင်းအတွက် ယခင်ကထက် ပို၍ စိတ်ဆင်းရဲရမည့် အလားအလာ ရှိလာကြောင်း မေရီထရမ့်က ‘The New Abnormal’ မူမမှန်သူအသစ် အမည်ရှိ podcast တွင် Daily Beast သတင်းထောက် မော်လီဂျောင်ဖက်ကို ပြောကြားခဲ့သည်။

“သူက အာရုံစူးစိုက်ရတာကို စွဲလန်းတယ်။ အခုကြားနာမှုတွေ နားထောင်ရတော့ ကျမတို့လိုပဲ သူ တုန်လှုပ်နေတယ်ဆိုတာ ကျမ သေသေချာချာ သိပါတယ်” ဟု မေရီက ပြောကြားခဲ့သည်။
“ပြီးတော့ သူ့ဆီက အာရုံရွေ့သွားတယ် ခံစားမိရင်၊ (ဒါမှမဟုတ်) သူ စွမ်းရည် ကျသွားစေတာမျိုးဆိုရင် အဲဒါကို ထိပ်တိုက် ရင်ဆိုင်ပြီး ကိုင်တွယ် ဖြေရှင်းနိုင်မှာလည်း မဟုတ်ဘူး။ အဲဒီတော့ သူ့အခြေအနေ ပိုဆိုးလာဖို့ပဲ ရှိတော့တယ်ရှင့်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန် Capitol ကို ဒေါ်နယ်ထရမ့် ထောက်ခံသူများ ၀င်စီးနေစဉ်

ထရမ့်သည် ယခင်ကလောက် ဒေါသထိန်းမရတော့ခြင်း၊ အလွန်အမင်း စိတ်ဆိုးမာန်ဆိုး ဖြစ်ခြင်း တို့ရှိလာခဲ့လျှင် သူ့ပတ်ဝန်း ကျင်တွင် ရှိသူများအဖို့ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေမည် ဖြစ်သည်။
၎င်း(ဒေါ်နယ်ထရမ့်)နှင့်စပ်လျဉ်းပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် Capitol အဓိကရုဏ်းအမှုကို စုံစမ်း စစ်ဆေးလျက်ရှိရာ သက်သေ တစ်ဦးထံသို့ ဆက်သွယ်ရန် မိမိတို့ကြိုးစားခဲ့ကြောင်း လွှတ်တော်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ လစ်ဇ်ချီနေးက ယခု သီတင်းပတ်အတွင်း ကြေညာချက် တစ်စောင်ထုတ်၍ ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထရမ့် အမိန့်ပေး ခိုင်းစေမှုကြောင့် ပေါ်ပေါက်လာသော အဓိကရုဏ်းတွင် ခြေရာလက်ရာ ချန်မထားလိုခြင်းသည် ၎င်းအတွက် စိတ်ပျက်စရာ ကြီးမားသော အမှားတစ်ခုကို ပြုမိခြင်းလည်း ဖြစ်သည်။
“ဒီကိစ္စ လက်လွန်သွားပြီ ထင်ပါတယ်” ဟု မေရီက ထပ်လောင်း ပြောကြားခဲ့သည်။

အောက်လွှတ်တော် စစ်ဆေးကြားနာမှုများကို နားထောင်၍အပြီးတွင် သူ့ဦးလေးနှင့်ပတ်သက်၍ တုန်လှုပ်စရာများကိုတော့ မေရီက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ဝါရှင်တန်မြို့တော်ရှိ လွှတ်တော်အမတ်များ စုဝေးလေ့ရှိရာ Capitol အဆောက်အဦ၌ ဂျိုးဘိုင်ဒန်ကို ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် အတည်ပြုရန် ကိုယ်စားလှယ်မဲများ ရေတွက်မှု အကြောင်း အချေအတင် ဆွေးနွေးနေကြစဉ် ထရမ့်အား ထောက်ခံသည့် ဆန္ဒပြသူများက လွှတ်တော်အတွင်းသို့ အကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့သည့် အတွက် ထိုနေ့က ဆွေးနွေးနေမှုများ ကြန့်ကြာခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

Source: Yahoo News