CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို နိုင်ငံတကာမှ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုရန် အချိန်တိုအတွင်း မမြင်ရသေးကြောင်း နိုင်ငံရေးလေ့လာသုံးသူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်က ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO) မှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်သည် မော်လမြိုင်တွင် သေနတ် ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သည့်ကိစ္စမှာ စဉ်းစားစရာအချက် ဖြစ်လာကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “အဲဒါကတော့ အချိန်တိုအတွင်းတော့ သိပ်မလွယ်ဘူး ထင်တယ်၊ အချိန်တိုအတွင်းတော့ ဖြစ်မလာလောက်သေး ဘူး။ အခု UN ကဆိုရင် ဟိုတနေ့က သူ့ရဲ့ဝန်ထမ်း အသတ်ခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ် သွားတာက အဲဒီရက် မတိုင်ခင်လေးမှာ USDP က ပြည်ခိုင်ဖြိုးပါတီက အစည်းအဝေးမှာ သူတို့ပြုစုထားတဲ့ သူတို့ ပါတီဝင်တွေ အသတ်ခံရတဲ့ လူစာရင်းတွေ၊ ကျောင်းဆရာမတွေ အဲဒီစာရင်းတွေကို UN ကို ပို့လိုက်တာ ရှိတယ်။ ပို့လိုက်ပြီးတော့ အင်္ဂလိပ် လို့ ရေးထားတော့ UN က အဲဒီကဟာ ကြိုဆိုတယ်၊ ဒီလို အချက်အလက်တွေကိုလည်း နောက် ပို့ပေးပါဆိုပြီး ပြန်ကြားတယ်လို့ ကြားရတယ်။ အဲဒီကို ပို့ပြီး မကြာခင်မှာပဲ မော်လမြိုင်မှာ သူ့ဝန်ထမ်း အသတ်ခံလိုက်ရတော့ သူက ဒီ PDF တွေရဲ့ ဒလံဆို ပြီးတော့ အဲဒီလို သုတ်သင်ရှင်းလင်းတဲ့ အပေါ်တွေဟာမှာ သူလည်း UN အဖွဲ့အစည်း အနေနဲ့လည်း စဉ်းစားစရာဖြစ်နေမယ် လို့ ထင်တယ်လေ။ ဆိုလိုတာကတော့ ဒီဟာအပေါ်မှာ အစိုးရတစ်ရပ် အနေနဲ့ အသိအမှတ်ပြုဖို့တော့ သူတို့မှာ ဘေးကျပ်နံ ကျပ် အနေအထားတော့ ရှိတယ်၊ ဒါကြောင့်မို့လို့ အချိန်တိုအတွင်း မြန်မြန် အသိအမှတ် ပြုလာဖို့တော့ မမြင်ရသေးဘူးပေါ့ နော်” ဟု ပြောသည်။

NUG  အစိုးရအဖွဲ့ဝင်များကိုတွေ့ရစဉ်

အာဆီယံအနေဖြင့် နစက ခေါင်းဆောင်အား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် မပြုခြင်းအပေါ် အသိအမှတ်ပြုကြောင်း၊ ထိုရပ်တည်ကို ဆက်လက် ထားရှိရန်လိုကြောင်း ဇွန်လ ၁၃ ရက်က ကျင်းပသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အလွတ်သဘော အစည်းအဝေးတွင် ဦးကျော်မိုးထွန်းမှ တိုက်တွန်း တောင်းဆိုခဲ့ သည်။

ပြည်သူများကို ကိုယ်စားပြုသည့် NUG နှင့် အာဆီယံကြား ယုံကြည်မှု တည်ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ တိုက်တွန်းချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၏ ပါတီဝင်များ အသတ်ခံရသည့်ကိစ္စမှာ ပြည်တွင်းတွင် တပ်မတော်မှ သတ်ဖြတ်နေမှုနှင့် နှိုင်းယှဉ်ပါက ဘာမျှ မပြောပလောက်ကြောင်း၊ ၎င်းတို့ သတ်ဖြတ်မှုမှာ ၂၀၀၀ နီးပါးရှိနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်က မော်လမြိုင်မြို့မှာ WHO ၀န်ထမ်းသတ်ခံရ

ဦးသန်းစိုးနိုင်က “WHO ကတော့ သူ့အနေနဲ့ အဖွဲ့အစည်းအနေနဲ့ သူ့အဖွဲ့အစည်းဝင် တစ်ယောက် အသတ်ခံရတယ် ဆိုတဲ့ ကိစ္စ ဝမ်းနည်းကြောင်း ပြောတာ ထုံးစံပါပဲ။ သို့သော်ငြားလည်းပဲ အဲဒါက သူကိုယ်တိုင်က WHO ဝန်ထမ်းဆိုပေမဲ့ ကားမောင်း သမား ဖြစ်တယ်၊ နောက်တစ်ချက်က စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်မှုတွေ တစ်စုံတစ်ရာ ရှိကြလို့ အခိုင်အမာ PDF တွေဖက်က ဖော်ထုတ်ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါကြောင့် WHO ဝန်ထမ်း တစ်ယောက်အနေနဲ့ သတ်ဖြတ်တာ မဟုတ်ဘဲနဲ့ သူလျှို၊ ဒလံ တစ်ယောက်အနေနဲ့ ဒီ PDF က ရှင်းလင်းတာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းက သူ့လုပ်ထုံးလုပ်နည်းအရ လုပ်သလို PDF တွေ အနေနဲ့ကလည်း သူတို့ရဲ့ ဒလံရှင်းလင်းရေး လုပ်ငန်းကတော့ ကိုယ့်ရဲ့ အုပ်ချုပ် ရေးစနစ် ထူထောင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး ထူထောင်နိုင်ဖို့အတွက် ဆက်လက်ပြီး ရှင်းလင်းတဲ့ အလုပ်တွေက ရှိသွား မှာပဲလို့ ကျနော်ကတော့ ယူပါတယ်ခင်ဗျ” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလအထိ USDP ပါတီဝင် ၁၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းဌာနများတွင် USDP ဥက္ကဋ္ဌ မှ ဖြေကြား ထားသည်။

ထို့နောက် တပ်မတော်က ၂၀၂၁ ခုနှစ် အာဏာရယူပြီးနောက် တနှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော် ထက် မနည်းရှိလာကြောင်း၊ နေအိမ်၊ အဆောက်အအုံ ၂၂,၀၀၀ ကျော် မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ISP-Myanmar ၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် နစကနှင့် NUG တို့သည် နိုင်ငံတကာတွင် တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခံရရေး အပြိုင်အဆိုင် ကြိုးပမ်း လျက်ရှိသည်။