CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၅

ထိုင်းနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ စတုတ္ထအကြိမ်မြောက် ဒုတိယပိုင်း ထိပ်သီးညီလာခံကို ကြီးကြီးကျယ်ကျယ် မလုပ်ဘဲ သိုသိုသိပ်သိပ်သာလုပ်ရန် ထိုင်းအာဏာပိုင်များမှ အသိ ပေးလာသည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ အပစ်ရပ် လက်နက်ကိုင်(၁၀)ဖွဲ့၏ PPST ထိပ်သီးညီလာခံကို ယခုလကုန်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း PPST ထံမှ သိရသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါက ထိုင်းမှာလုပ်မယ်ဆိုတော့ နည်းနည်းလေး Low profile လုပ်ဖို့တော့ ထိုင်းအရာရှိတွေက ပြောထားတယ်၊ Low profile ပေါ့၊ သိုသိုသိပ်သိပ်ပေါ့။ ကြီးကြီးကျယ်ကျယ် သတင်းတွေ ဘာတွေမဟုတ်ဘူး” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များသည် နိုင်ငံရေးအရပြုလုပ်သည့် အခမ်းအနားများကို ပေါ်ပေါ်ထင်ထင် လုပ်ခွင့်ပေးထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်တွင် နေထိုင်နေသည့် ကိုဝဏ္ဏ (အမည်လွှဲ)က ပြောသည်။

“မရဘူး ဘာပွဲမှ မရဘူး၊ မြန်မာတွေ လုပ်ရင်မရဘူး၊ ကိုယ့်ဘာသာ ကျိတ်လုပ်ကြတာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ်၊ မေလက ထိပ်သီးညီလာခံကျင်းပနေစဉ်(NCA-S EAO)

အဆိုပါ ထိပ်သီးညီလာခံတွင် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၏ စုဖွဲ့မှုပုံစံအသစ်ကို ဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် နိုင်ငံရေး လမ်းပြမြေပုံကို ဆွေးနွေးခြင်း၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်မည့် ညီလာခံတစ်ရပ် ထပ်မံကျင်းပရေး ယခုညီလာခံတွင် ဆွေးနွေးခြင်း စသည့် အကြောင်းအရာများ ဆွေးနွေးရန်ရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “EAOs တွေ အားလုံးရဲ့ Summit ကတော့ ကျနော်တို့ နောက်တစ်ခေါက်မှ သပ်သပ်ခေါ်မယ်၊ အခုက တော့ ကျနော်တို့ရဲ့ ဒီ(၁၀)ဖွဲ့ထဲမှာပဲ အရင်လုပ်မယ်၊ (၁၀)ဖွဲ့ထဲမှာပဲ ပထမအဆင့်ပေါ့ဗျာ၊ ဒုတိယအဆင့်ကျမှ အားလုံးဖိတ် မယ်”ဟု ပြောသည်။

အဆိုပါ အပစ်ရပ် (၁၀) ဖွဲ့၏ ထိပ်သီးညီလာခံ စတုတ္ထအကြိမ် ပထမပိုင်းကို ၂၀၁၉ ခုနှစ်၊ မေလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ကြောင်း၊ ယခု ကျင်းပမည့် ညီလာခံသည် ဒုတိယပိုင်း ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို တိုင်းရင်းသား လက်နက်ကိုင်(၁၀)ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

ထို လက်နက်ကိုင်(၁၀)ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့ ဖြစ်ကြသည်။

အဆိုပါ အပစ်ရပ်(၁၀)သည့် PPST ကို ဖွဲ့စည်း၍ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိသည်။