CNI International News

ဝါဆော၊ မတ်လ ၂၄

သံတမန်ရေးအရ အကာအကွယ်ယူ၍ မိမိတို့ပြည်တွင်းတွင် လှုပ်ရှားနေကြသည့် ထောက်လှမ်းရေး အရာရှိများဟု သံသယရှိသူ ရုရှားနိုင်ငံသား ၄၅ ဦးကို နှင်ထုတ်ရန် ပိုလန်အစိုးရက အမိန့်ပေးခဲ့ကြောင်း ၎င်းအစိုးရတာဝန်ရှိသူများက ပြောကြားသည်ဟု အေပီသတင်းအရ သိရသည်။

အဆိုပါ ရုရှားနိုင်ငံသားများသည် ပိုလန်လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု သတ်မှတ်လိုက်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ကို အမြန်ဆုံးနှင်ထုတ်ရန် ပြည်တွင်းလုံခြုံရေး အေဂျင်စီ က တောင်းဆိုထားကြောင်း အေပီက သတင်းဆက်လက်ဖော်ပြသည်။

“သူတို့ဟာ သံတမန်အဆင့်အတန်းကို သုံးပြီး လက်တွေ့မှာတော့ ကျနော်တို့ပြည်တွင်းကနေ ရုရှား ထောက်လှမ်းရေးတာဝန်တွေ ထမ်းဆောင်နေပါတယ်” ဟု ပိုလန်ပြည်တွင်းလုံခြုံရေးပြောခွင့်ရသူ စတိန်းစလောဇာယန်းက ပြောသည်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပိုလန်ဆိုင်ရာရုရှားသံအမတ် ဆာဂျေအန်ဒရီဗ်ကို ဆင့်ခေါ်ခဲ့ပြီး သံရုံး ဝန်ထမ်း ၄၅ ဦးကို နှင်ထုတ်ကြောင်း အသိပေးပြောကြားခဲ့သည်။ ထို့အပြင် ပိုလန်နှင့် ချိတ်ဆက် လုပ်ကိုင်နေသော ရုရှားကုန်သွယ်ရေးမစ်ရှင်ထံသို့လည်း အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့သည်။

ယခုနှင်ထုတ်ခံရသူများစာရင်းတွင် မပါဝင်သည့် ဆာဂျေအန်ဒရီဗ်က ပိုလန်မှ အနှင်ခံရသူများသည် ပုံမှန်သံတမန်ရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စများကိုသာ လုပ်ဆောင်နေသူများဖြစ်ကြကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တွေ့ဆုံမှုအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ပိုလန်၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

ရုရှားအနေဖြင့် အပြန်အလှန်တုံ့ပြန်မှုအခြေခံ၍ လုပ်ပိုင်ခွင့်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

အထူးအန္တရာယ်ရှိသူတစ်ဦးမှအပ ယခုနှင်ထုတ်ခံရသူစာရင်းတွင် ပါဝင်သူ ရုရှားနိုင်ငံသားအားလုံးသည် နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာပေးရမည်ဖြစ်ပြီး ၅ ရက်တိတိအချိန်ပေးထားကြောင်း ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လူကာဆက်ဇ်ဂျာစီနာ (Lukasz Jasina) က ပြောကြားခဲ့သည်။

“ရုရှားဟာ ယူကရိန်းကို ရိုင်းစိုင်းကြမ်းတမ်းတဲ့ စစ်ပွဲဆင်နွှဲနေတာ သီတင်းပတ် ၃ ပတ်ကျော်သွားပါပြီ။ ကျနော်တို့နဲ့ တခြားအနောက်နိုင်ငံတွေကို အဓိကရန်သူတွေအဖြစ် သူတို့က သဘောထားကြတယ်” ဟု ဂျာစီနာက ဆက်လက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရုရှားထောက်လှမ်းရေးများကို နှင်ထုတ်ခြင်းအတွက် ပိုလန်ဘက်မှ တိကျသော အကြောင်း ပြချက်မပေးသော်လည်း ၎င်းအနေဖြင့် ယူကရိန်းဒုက္ခသည်များကို အစုလိုက်အပြုံလိုက် လက်ခံပေးနေ ချိန်တွင် ရုရှားထောက်လှမ်းနေခြင်းက ဆိုးရွားသောခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ဂျာစီနာက ထောက်ပြခဲ့သည်။

Source: AP