CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၄

လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နစက-က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တစ်ဖွဲ့ချင်းစီ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထံမှ သိရသည်။

နစက-က EAO များ တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားစာများ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ယခင် တက်ရောက်နေကျ အဖွဲ့များ ယခုအခမ်းအနားသို့ ဆက်လက် တက်ရောက်ဖွယ်ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဖိတ်စာတွေ တွေ့ပါတယ်၊ တော်တော်များများ သွားကြမှာပါ၊ သွားနေကျလူတွေ သွားမှာပါ၊ ဒါက သူ့ တပ်မတော်က အခုမှ မဟုတ်ဘူးလေ၊ ရှိလာတာ နှစ်ပေါင်း ၇၀ ၊ တပ်မတော်နေ့ လုပ်လာတာ အခေါက်ပေါင်း ၇၀ ကျော်ပြီ၊ ဒါဆိုတော့ သူ့အစဉ်အလာအရ သွားတဲ့သူ သွားနေကျတာပဲ”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့သည် (၇၇)ကြိမ်မြောက် အခမ်းအနားဖြစ်ကြောင်း၊ နေပြည်တော်တွင် စစ်ရေးပြ အခမ်းအနားနှင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၇)ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားအတွက် အကြိုလေ့ကျင့်မှုကို စစ်ဆေးနေ

အဆိုပါ တပ်မတော်နေ့ အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်တချို့ တက်ရောက်ခြင်းသည် လက်ရှိ နစကကို အသိ အမှတ်ပြုခြင်း မပြုခြင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ တပ်မတော်၏ သမိုင်းကြောင်းအရ တည်ရှိမှုနှင့် လက္ခဏာကိုသာ အသိ အမှတ်ပြု တက်ရောက်သည့် သဘောဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းက “လက်ရှိ အာဏာသိမ်းထားတာတို့ မသိမ်းတာတို့ အစိုးရ၊ စစ်ကောင်စီတို့နဲ့ မဆိုင်ပါဘူး၊ တပ်မတော်က သူ့ဟာသူ ရှိနေ တဲ့ လက္ခဏာကိုပဲ ကျနော်တို့က ယူတာပါ၊ ဟိုဟာအနေနဲ့ မယူပါဘူး၊ လက်ရှိ တပ်မတော်က အာဏာသိမ်းလို့ လက်ရှိ ကောင်စီကို သွားပြီးတော့ အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ပါဘူး၊ အဲဒါလေးတော့ ကွာတာပေါ့ဗျာ” ဟု ပြော သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တက်ရောက်ခဲ့သေးသည်။

လက်ရှိတွင် (၇၇)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ မည်သည့် လက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်ကိုတော့ အတိအကျ မသိရသေးပေ။