CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၀
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)သည် ပါတီဖျက်သိမ်း ခံရပါကလည်း ဆက်လက်၍ လှုပ်ရှားရပ်တည် သွားမည်ဖြစ်ကြောင်း ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မတ်လ ၁၀ ရက်နေ့ (ယနေ့) တွင် နေပြည်တော်ရှိ ကော်မရှင်ရုံးသို့ လာရောက် အစစ်ဆေးခံရန် ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က အကြောင်းကြားခဲ့သည်။
ထိုသို့ ခေါ်ယူစစ်ဆေးမှုမှာ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အတွက် သွားရောက် အစစ်ဆေးခံမည် မဟုတ်ကြောင်းနှင့် ပါတီ ဖျက်သိမ်းပါကလည်း နိုင်ငံရေးအရ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ဦးမျိုးကျော်က ပြောသည်။
ဦးမျိုးကျော်က “နိုင်ငံရေးပါတီ ဆိုတာကတော့ ကိုယ်ယုံကြည်ရာ ကိုယ့်မူဝါဒအပေါ်မှာ အခြေတည်ပြီး ရပ်တည်ရတယ်၊ ပြည်သူလည်း ထောက်ခံမှုရှိတယ်ဆိုရင် အဲဒီပါတီကို သူတို့ ဖျက်လို့ပျက်တဲ့အမျိုးမှ မဟုတ်တာဗျာ၊ ကျနော်တို့ယုံကြည်တဲ့ ကျနော်တို့လမ်းကို ကျနော်တို့ရဲ့ မူဝါဒအတိုင်း ဆက်ပြီး လျှောက်နေမယ်ဆိုရင် သူတို့ ဖျက်တယ်ဆိုပေမယ့် ကျနော်တို့ ဆက် လက် လှုပ်ရှားလို့ ရနေမှာပဲလေ၊ ကျနော်တို့ကတော့ ဆက်ပြီး ရပ်တည်သွားဖို့ရှိတယ်၊ သူတို့ဖျက်ခြင်း မဖျက်ခြင်းက သူ့ အလုပ် သူလုပ်ပေါ့ဗျာ”ဟု ပြောသည်။
ALD ပါတီကိုတွေ့ရစဉ်
နိုင်ငံရေးပါတီများ၏ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်း စာရင်းများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ် တကျ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခံနိုင်ရေး အတွက်ဟုဆိုကာ ရခိုင်ပြည်နယ်အခြေစိုက် ALD ပါတီနှင့် ခူးမီ(ခမီ) အမျိုးသားပါတီ တို့ကို ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဦးမျိုးကျော်က “တနည်းအားဖြင့် ကျနော်မြင်ရတဲ့ အမြင်အရ စစ်အစိုးရကနေပြီးတော့ သူတို့ရဲ့အာဏာပိုင်မှုကို ပြချင်တဲ့ အနေအထားနဲ့ စစ်ကောင်စီခန့်ထားတဲ့ ဒီကော်မရှင်ကနေပြီးတော့ တဆင့်ပေါ့ ပါတီတွေ သူတို့ဆီကိုလာပြီးတော့ အသိအမှတ် ပြုပေးရမယ်ဆိုတဲ့ အနေအထား ကျနော်ကတော့ အဲဒီလိုမြင်တယ်၊ အဲဒီတော့ သူတို့ကနေပြီးတော့ ပါတီတွေကိုနေပြီးတော့ ခေါ်တယ်၊ သူတို့ရဲ့ ပွဲတွေကို ဖိတ်တယ်၊ သူတို့ရဲ့ အစည်းအဝေးတွေ တက်ခိုင်းတယ်၊ နောက်တစ်ခါ စာရင်းစစ်မယ့် ကိစ္စတွေ ကို ကော်မရှင်ရဲ့ နည်းဥပဒေအရ စာရင်းအင်းကို အကြောင်းပြပြီးတော့ ပါတီတွေကို စာရင်းအစစ်ခံဖို့ ပြင်ဆင်ခိုင်းတာတို့ ဘာ တို့၊ ဒါတွေကတော့ သူတို့ကို အသိအမှတ်ပြုဖို့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေကို ကျနော်တို့ လိုက်နာဖို့ဆိုတဲ့ဟာမျိုး ကျနော်က တော့ အဲဒီလို မြင်ပါတယ်”ဟု ပြောသည်။
UEC သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့ကိုလည်း ပါတီငွေ စာရင်းများ လာရောက် အစစ်ဆေးခံရန် အကြောင်းကြားထားသည်။ အဆိုပါ ပါတီများအနေနှင့် သွားရောက် အစစ်ဆေးခံခြင်း မရှိသည့်အတွက် တည်ဆဲဉပဒေများဖြင့် အရေးယူခံရနိုင်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)သည် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း အနိုင်ရပါတီတစ်ခု ဖြစ်ခဲ့သည်။