CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၀
လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရန်ကုန်ရှိ မြို့နယ်အချို့တွင် ရေပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ရေ သွားရောက်လှူဒါန်းပေးနေသည့် ပရဟိတ အသင်းများထံမှ သိရသည်။
လက်ရှိတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် မြောက်ဥက္ကလာပ အစရှိသည့် မြို့နယ်များမှ အချို့နေရာများတွင် ရေပြတ်လပ်မှုများကြုံတွေ့နေရကြောင်း သိရသည်။
အခမဲ့ ရေသွားရောက်လှူဒါန်းပေးနေသည့် ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က “တကယ်ရေပြတ်လပ်တဲ့နေရာတွေမှာတော့ မျက်နှာသစ်စရာမရှိတော့လောက်အောင် ရေကုန်သွားတာမျိုးတွေ ရှိတာပေါ့။ တချို့တွေက အိမ်တွေမှာဆိုရင်တော့ ကိစ္စမရှိဘူး။ ကျနော်တို့က အိမ်ရှေ့မှာ ကားထိုးပြီး တစ်အိမ်တက် တစ်အိမ်ဆင်းဖြည့်ပေးလို့ရတယ်။ တိုက်ခန်းတွေကျတော့ ခြောက်လွှာ ခုနှစ်လွှာလိုမျိုးကျတော့ တစ်တိုက်ဆင်း တစ်တိုက်တက်၊ ကျနော်တို့မှာလည်းပဲ အကုန်လုံးက လခစားဝန်ထမ်းမဟုတ်ဘူး။ စေတနာ့ဝန်ထမ်း volunteer တွေဖြစ်တဲ့အတွက် ကျနော်တို့ရေလာဖြည့်ပြီဆိုရင် သူတို့ကလည်း ကျနော်တို့ တိုက်ပေါ်တက်ပြီးဖြည့်ရမှာ အားနာလို့ သူတို့အိမ်မှာရှိတဲ့ ပုံးတွေ ဇလားတွေ ခွက်တွေနဲ့အောက်ကို ဆင်းလာတယ်။ အလှည့်ကျတန်းစီ ယူတယ်။ သူတို့ဘာသာသူတို့ အိမ်ပြန်ယူကြတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းမှ ရေဖြည့်ပေးနေစဉ်
ထိုသို့ ရေသွားရောက်လှူဒါန်းပေးရာတွင် အသင်းရှိ ရေသယ်ယာဉ်မှာ ရေဂါလံ ၃၀၀၀ ဆန့်ပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရေဂါလံ ၆၀၀၀ မှ ၉၀၀၀ အတွင်း လှူဒါန်းရကြောင်းနှင့် သွားရောက်လှူဒါန်းသည့်အခါတွင်လည်း အညီအမျှသာ ပေးဝေကြောင်း သိရသည်။
ရေသွားရောက်လှူဒါန်းပေးရာတွင် အခြားအခက်အခဲများထက် လက်ရှိ စက်သုံးဆီဈေးများ မြင့်တက်နေသည့် အခက်အခဲမှာ အဓိကဖြစ်ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ရှင်သန်ရေးကူညီမှုအသင်းမှ ရေဖြည့်ပေးနေစဉ်
“ကားကြီးတစ်စီးထွက်မယ်။ တစ်ခေါက်အတွက်ဆိုရင် ဆီက ၅ ဂါလံလောက်ကုန်တယ်။ ကားနဲ့ရေသွားထည့် ရတယ်။ ရေထည့်ပြီးလို့ရှိရင် အကူအညီတောင်းတဲ့မြို့နယ်ကိုသွား။ အဲ့လိုလှူရတော့ ပြီးလို့ရှိရင် ပြန်လာတယ်။ အသွားအပြန်ဆို ဆီက ခန့်မှန်းခြေ ၄ ဂါလံခွဲ ၅ ဂါလံလောက်ကုန်တယ် ဒီဇယ်ပေါ့နော်။ ပြီးလို့ရှိရင် ရေမောင်းတင် ပေးဖို့အတွက် နောက်မှာ ရေစုပ်စက်နဲ့အတွက်ကလည်း ဓာတ်ဆီနဲ့ ဒီဇယ်ဆီကလည်း တောက်လျှောက် အသုံးပြု နေရတာတွေရှိတယ်။ ဆိုတော့ တစ်စီးအတွက်ကို ခန့်မှန်းခြေ ဓာတ်ဆီနဲ့ ဒီဇယ်က ၅ သောင်းကျော် ခြောက် သောင်း လောက်ကုန်ပါတယ်။ ခါတိုင်းဆိုရင် အခမဲ့လုပ်ပေးနိုင်ပေမယ့် အခုတော့ အခက်အခဲမျိုးစုံရှိတယ်။ နောက် ဓာတ်ဆီ ဒီဇယ်ဆီကလည်း တက်လာတော့ စရိတ်မျှပေးစနစ်နဲ့ လှူနိုင်တဲ့လမ်း ပြည့်စုံတဲ့လမ်းဆိုရင် ဝိုင်းလှူပေးဖို့ အလှူခံပါတယ်။ နွမ်းပါးတဲ့နေရာတွေဆိုရင်တော့ ကျတော်တို့ အခမဲ့လှူပေးတယ်၊ နောက်စာသင်တိုက်ကြီးတွေ ဆိုရင်တော့ အခမဲ့လှူဒါန်းပေးပါတယ်” ဟု ပြောသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်မီး ဖြန့်ဖြူးပေးဝေမှုအား မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ အချိန်အပိုင်း ခြားဖြင့်သာ ပေးဝေမည်ဟု ထုတ်ပြန်ထားသော်လည်း အချိန်အပိုင်းအခြားလိုက် လျှပ်စစ်မီးပြတ်တောက်မှုမှာ နေ့စဉ် ကြုံတွေ့နေရသည်။