CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၅
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဝန်ကြီးများ အပါအဝင် လူပုဂ္ဂိုလ်(၁၁)ဦးကို နိုင်ငံသားအဖြစ် နစကမှ ရပ်စဲထားသော် လည်း တော်လှန်ရေးအောင်မြင်ပါက အချိန်မရွေး နိုင်ငံသားပြန်လုပ်၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ အနေအထားအရ နိုင်ငံမဲ့ ဖြစ်သွားသည့်တိုင် တော်လှန်ရေးအောင်မြင်ပါက နိုင်ငံသား ဖြစ်နိုင်သလို၊ အခြားနိုင်ငံ တစ်နိုင်ငံတွင်လည်း နိုင်ငံသားအဖြစ် ခံယူနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးရဲထွန်းက “အခုလောလောဆယ်တော့ အဲလိုဖြစ်သွားမှာပေါ့၊ နိုင်ငံမဲ့ ဖြစ်သွားမှာပေါ့။ ဒါလည်း အရေးမကြီးပါဘူး သူတို့ တော်လှန်ရေးက သူတို့လုပ်နေတဲ့ လုပ်ငန်းက အောင်လို့ရှိရင် သူတို့က အချိန်မရွေးပြန်ပြီးတော့ နိုင်သားလုပ်လို့ ရတာပဲလေ။ မနိုင်ရင်တော့လည်း တခြားမှာ လက်ခံမယ့် နိုင်ငံတွေ ရှိပါတယ်။ မနိုင်တော့ဘူး တခြားနိုင်ငံမှာ နိုင်ငံသားသွားပြီးတော့ တခြား နိုင်ငံသား ခံယူမယ်ဆိုလို့ရှိရင်လည်း ဒါက အရေးမကြီးတော့ပါဘူး” ဟု ပြောသည်။
ထိုသို့ နိုင်ငံသားအဖြစ် ရပ်စဲလိုက်သော်လည်း NUG ၏ လုပ်ဆောင်ချက်များကို ထိခိုက်မှာ မဟုတ်ကြောင်း၊ အာဆီယံ ကိုယ်စားလှယ်မှ NUG နှင့် တွေ့ဆုံရန် တောင်းဆိုမှုအပေါ် ကြိုကာထားသည့် သဘောဟု မြင်မိကြောင်း ဦးရဲထွန်းက ဆက်လက် ပြောကြားသည်။
နစက-က “နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာသွားသော အောက်ပါ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏ အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များ ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နှင့်အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
နစကမှ နိုင်ငံသားအဖြစ် ရပ်စဲလိုက်သည့် သူများမှာ ဦးဇော်ဝေစိုး၊ ဦးရည်မွန်(ခ)ဦးတင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ မအိသဉ္ဇာမောင်၊ ဒေါက်တာဆာဆာ၊ ဦးမင်းကိုနိုင်(ခ) ဦးပေါ်ဦးထွန်း၊ ဦးမျိုးရန်နောင် သိမ်း၊ မအိပန်ဆယ်လို(ခ)အိမ့်ပိုးဥ တို့ဖြစ်ကြသည်။
NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက "စစ်ကောင်စီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်းဆိုတာ တရားမဝင်ပါဘူး။ တရားဝင်ခဲ့မယ်ဆိုရင်တောင် နိုင်ငံကိုချစ်တဲ့စိတ်ကို ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။ ကိုးကားထားတဲ့ ပုဒ်မ ၁၆ ဆိုတာနဲ့လည်း မကိုက်ညီပါဘူး။ အပြီးအပိုင် ထွက်ခွာသွားကြတာ မဟုတ်ပါ၊ အမြန်ဆုံး ပြန်လာနိုင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ပါ" ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။
အချုပ်အခြာအာဏာသည် ပြည်သူလူထုမှ ဆင်းသက်သည့်အတွက် နိုင်ငံသားအဖြစ် ရုပ်သိမ်းခွင့်ကို အစုအဖွဲ့ တစ်ခုက ယခု ကဲ့သို့ ဆုံးဖြတ်ပေး၍ မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံသားဖြစ်မှု တာဝန်က နိုင်ငံသားတစ်ယောက်ချင်းစီမှာပဲ တာဝန်ရှိတယ်လို့ ထင်တာပဲလေ၊ အစိုးရမှာ အဲလို ရုပ်သိမ်းပိုင်ခွင့် မရှိဘူးလေ။ နောက်တစ်ခုက အချုပ်အခြာအာဏာဆိုတာလဲ ပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံသား အားလုံး စီက ဆင်းသက်တာလေ၊ အဲတော့ အချုပ်အခြာအာဏာကို အစုအဖွဲ့တစ်ခုက အဲလို ဆုံးဖြတ်ပေးလို့ မရသလို နိုင်ငံသားဖြစ် ခြင်း၊ မဖြစ်ခြင်းကိုလည်း အစုအဖွဲ့တစ်ခုက ဆုံးဖြတ်ပေးလို့ မရဘူးလို့ ထင်တာပဲ။ ကျနော်ကတော့ အဲလိုပဲ မြင်တယ်လေ” ဟု ပြောသည်။
နိုင်ငံသားဖြစ်တည်မှုမှာ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း၊ ထိုမွေးရာပါ အခွင့်အရေးကို ချိုးဖောက်နေသလို ဖြစ်နေကြောင်း ရဲဘော်ဆန်နီက ပြောသည်။