CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးဖြစ်ခဲ့သူ ဒေါ်နီလာကျော်ကို အဂတိလိုက်စားမှု ၁၆ မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ယနေ့(မတ်လ ၁ ရက်) အမိန့်ချမှတ်ခဲ့သည်။

ဒေါ်နီလာကျော်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့်ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ကာလအတွင်း လုပ်ငန်းစုစုပေါင်း ၁၅၇၇ ခုမှ အရည်အသွေး စစ်ဆေးခအဖြစ် ဝင်ငွေ ငွေကျပ်သိန်း ၁၆၆၀၀ ကျော်ကိုရရှိစေခဲ့ပြီး ၎င်းကုမ္ပဏီထံမှ ငွေကျပ် ၉၁၈ ဒသမ ၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅ ဒသမ ၃၆ သိန်းကို ၎င်း၏ အိမ်အကူမှတဆင့် လက်ခံရယူခဲ့ ခြင်း၊ ငွေကျပ်သိန်း ၂၁၃၀ ကို ၎င်းကိုယ်စားပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက်အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်း ငွေကျပ် ၃၆၄၃ ဒသမ ၆၀ သိန်းကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၈/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ အမှု ၁၆ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ဒေါ်နီလာကျော်ကို ရာဇဝတ်ကြီးမှုအမှတ် ၈/၂၀၂၁ မှ ၁၀/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၁/၂၀၂၁ မှ ၁၃/၂၀၂၁ အထိ ၃ မှု အတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၄/၂၀၂၁ မှ ၁၉/၂၀၂၁ အထိ ၆ မှု အတွက် တစ်ပေါင်း တည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၂၀/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ ၄ မှု အတွက် တစ်ပေါင်းတည်း အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် စုစုပေါင်း အမှု ၁၆ မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဖြစ်ခဲ့သူ ဒေါ်နီလာကျော်ကို တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ဖြုတ်ချလိုက်ကတည်းက ဖမ်းဆီးကာ အဂတိအမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။