CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀


အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားမှ ခန့်အပ်မည့် အထူးကိုယ်စားလှယ်အသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာသွားသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ အာဆီယံနှင့်အပြု သဘောဆက်ဆံမှုပြုရေးကို ရည်ရွယ်၍ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားမှ ခန့်အပ်မည့် အထူးကိုယ်စားလှယ်အသစ်နှင့်ပူး ပေါင်း ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ဖော်ပြထားသည်။


ထို့နောက် ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆုတ်ခွန်းအား အထူးကိုယ်စားလှယ်အသစ်အဖြစ် ခန့်ရန် ရွေးချယ်အဆိုပြလာခြင်းကို ကြိုဆိုခဲ့ပါသည်ဟု လည်း နစက-ကပြောသည်။


နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “ပရတ်ဆုတ်ခွန်းအား တာဝန်ပေးခန့်အပ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို အာဆီ ယံ နိုင်ငံခြားရေးဝန်ကြီးများအားလုံး ပါဝင်ကာဆောလျင်စွာ အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော် လင့်ပါသည်။အာဆီယံအစည်းအဝေးများတွင်လည်း နိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများနှင့်အညီ တန်းတူရည်တူရှိရေးဟူသောမူအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်”ဟု ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်  ပရတ်ဆုတ်ခွန်းကိုတွေ့ရစဉ်

မြန်မာအနေဖြင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ဧပြီ ၂၄ ရက်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ပြီးခဲ့သည့်နောက်ပိုင်း ပြည်သူများအသက် အိုးအိမ်လုံခြုံမှု နှင့် ပြည်တွင်းတရားဥပဒေစိုးမိုးရေးအတွက် အမြင့်မားဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရုံသာမက အင်အားအနည်းဆုံး အသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်နေပြီး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးတို့နှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။


အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်များက လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံအဝန်းအဝိုင်းမှာပြန်လည်ပါဝင်လာနိုင်ရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


နစကသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ခဲ့သူ ဘရူနိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် မစ္စတာအာရီဝမ်ယူဆွတ် မြန်မာနိုင်ငံသို့ လာရောက်ရေး ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေခဲ့သလို ပူးပေါင်းဆောင်ရွက်ရေး အားနည်းခဲ့သည်။


သို့သော် ယခုအခါမှာတော့ ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုင်ခွန်းနှင့် နစကကြား ဆက်ဆံတစ်စုံတစ်ရာ ကောင်းမွန်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဖွေနေကြကြောင်း သိရသည်။