၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)သည် တပ်မတော်၏ လေယာဉ်ဆီသယ်ပေးရန် RCSS သဘောတူသည်ဆိုသည့် သတင်းမှာ မဟုတ်မမှန် လုပ်ကြံသတင်းဟု RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံ က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့က Myanmar Now သတင်းဌာနမှ “စစ်ကောင်စီအတွက် လေယာဉ်ဆီသယ်ပေးရန် RCSS သဘောတူထားဟုဆို” ဟူသည့် သတင်းတစ်ပုဒ် တင်ထားကြောင်း၊ ၎င်းကိစ္စမှာ မှန်ကန်မှုမရှိကြောင်း RCSS က ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးစိုင်းခမ်းစံက “ဟုတ်ကဲ့ Myanmar Now ထုတ်တာက ကျနော်တို့ စာပို့ထားတယ်ခင်ဗျ။ သူတို့ဆီ စာပို့ထားတယ်။ ဖြေရှင်းဖို့ပေါ့ခင်ဗျ။ သတင်းအမှားကို အရင်းအမြစ်မရှိပဲနဲ့ သတင်းထုတ်တာတို့ မီဒီယာကျင့် ဝတ်ဖောက်ဖျက်တာတို့ ဒီကိစ္စကို ကျ‌နော်တို့ စာပို့ထားတယ်ခင်ဗျ။ ဖြေရှင်းဖို့ စာပို့ထားတယ်ခင်ဗျ” ဟု ပြောသည်။

ထိုသတင်းသည် RCSS အပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် အမည်ပျက်၊ နိုင်ငံရေး ဂုဏ်သိက္ခာညှိုးနွမ်း၊ ပြည်သူလူထု အထင်အမြင်လွဲ၊ ညီနောင် EAO  အချင်းချင်းကြား အယုံအကြည် ကင်းမဲ့စေရန် တစ်ဖက်သတ် လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း RCSS ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Myanmar Now က ရေးသားထားသည့် သတင်းကိုတွေ့ရစဉ်။

သတင်းဌာနများ၊ သတင်းထောက်များ အနေဖြင့် မီဒီယာကျင့်ဝတ်ကို မှန်ကန်ရန် လိုအပ်ကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။

၎င်းက “မီဒီယာတစ်ခုမှာ ကျင့်ဝတ်ရှိရတယ်လေ၊ သတင်းအရင်းအမြစ်က မှန်ကန်ရမယ်၊ နောက်မီဒီယာကျင့်ဝတ်အတိုင်း သွားရမှာလေ၊ သူတို့ဟာ မီဒီယာကျင့်ဝတ်အတိုင်း မသွားပဲနဲ့ သတင်းတွေ ထုတ်တာပေါ့နော်”ဟု ပြောသည်။

RCSS ၏ သဘောထား ထုတ်ပြန်ချက်နှင့် မည်သည့်သဘောထား မှတ်ချက်ပေးနိုင်မလဲ Myanmar Now သို့ အီးမေးလ်ပို့၍ CNI သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးသည့်အတွက် မသိရသေးပေ။

RCSS ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်။

သတင်းစာဆရာ ဦးမြင့်ကျော်က “ဘယ်ဟာသတိထားသင့်လဲဆိုတော့ အချက်အလက်ပြောတဲ့သူက ဘယ်လောက်ခိုင်မာလဲ ဆိုတာ၊ နောက်တစ်ခုက အဲလိုမျိုး ခိုင်မာတဲ့ အထောက်အထားပေါ့လေ၊ ဥပမာ တချို့ကိစ္စတွေဆို အထောက်အထားဆိုတာ စာရွက်စာတမ်းတွေ ပေါက်ကြားလာတဲ့ အထောက်အထားတွေ ရှိရင်ရှိမယ်၊ အဲလိုရှိတဲ့ အခါမျိုးမှာ ခိုင်မာတယ်လို့ အထောက် အထား အတုမဟုတ်ဘူးဆိုရင် ခိုင်မာတယ်လို့ ယူဆလို့ရတယ်၊ သို့သော် နှုတ်ပြောနဲ့ ဟာတွေက ပိုပြီး သတိထားရမယ်လို့ ထင်တယ်လေ။ အဲတာကြောင့် တစ်ဖက်ကို ပြန်ပြီးတော့မေးဖို့၊ ဖြေရှင်းဖို့ သူတို့ကို မေးဖို့က အရေးကြီးတယ်လို့ ပြောတာပါ။ အဲနေရာမှာ တစ်ဖက်က ဘယ်လို တုံ့ပြန်သလဲ၊ ဒီအကြောင်းအရာကို မေးမယ်လို့ ပြောဆိုထားလျက်နဲ့ သိလျက်နဲ့ မဖြေတာ လား၊ ဘာလားဆိုတာ အဲတာကတော့ ဒီမှာ ရှင်းရှင်းလင်းလင်း ကျ‌နော်သိပ်မသိဘူးလေ။ ရေးထားတဲ့ဟာ အရတော့ အဲလောက်အထိ အသေးစိတ်မသိဘူးပေါ့လေ။ အရေးကြီးတာ အဲတာပါ”ဟု ပြောသည်။

RCSS ကတော့ Myanmar Now အနေဖြင့် မိမိတို့အဖွဲ့အစည်းအား တရားဝင် တောင်းပန်ရန်နှင့် ယင်းသတင်းအား ဖြုတ်ပေး ရန် RCSS ၏ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စိုင်းငင်းက လက်မှတ်ရေးထိုး ထုတ်ပြန်တောင်းဆိုခဲ့သည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။