ဆန်နာရာ၊ ဇန်နဝါရီ ၂၂

ယီမင်နိုင်ငံရှိ အကျဉ်းထောင်စခန်းတစ်ခုကို ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှု တစ်ခုပြုခဲ့ရာ လူ ၇၀ ကျော် သေဆုံးခဲ့ရသဖြင့် ကုလသမဂ္ဂ (UN)က အပြစ်တင် ရှုတ်ချ လိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းအရ သိရသည်။

ဟူသီသူပုန်များ၏ အမာခံနယ်မြေဖြစ်သည့် ဆာဒါး (Saada) မြို့ရှိ ထောင်အဆောက်အအုံကို ဇန်နဝါရီ ၂၁ ရက်က ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “လေကြောင်းမှ တိုးမြှင့်တိုက်ခိုက်နေ ခြင်းများ ရပ်တန့်ရန် လိုအပ်တယ်”ဟု ပြောကြားခဲ့သည်။

ထို့နောက် ယီမင်ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုများအပေါ် စုံစမ်းစစ်ဆေးရန် ဇန်နဝါရီ ၂၁ ရက်တွင် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်က တောင်းဆိုခဲ့သည်။ ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းမဟာမိတ်တပ်ဖွဲ့များသည် ဟူသီသူပုန်များကို ၂၀၁၅ ခုနှစ် ကတည်းက တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားနေခဲ့သော ယီမင်နိုင်ငံအတွက် တိုက်ရိုက်အကျိုးရလဒ်အားဖြင့် ကလေးသူငယ်ပေါင်း ၁၀,၀၀၀ ကျော် အပါအဝင် အရပ်သားထောင်နှင့်ချီ၍ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်။ ပြည်သူသန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရပြီး ယီမင်လူဦးရေ၏ အများစုမှာ အငတ်ဘေးဆိုက်နေသည်။

ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့တိုက်ခိုက်ခဲ့တဲ့ ယီမင်အကျဉ်းထောင်။(EPA)

ဇန်နဝါရီ ၂၁ ရက် လေကြောင်း တိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်း ကယ်ဆယ်ရေးသမားများက အဆောက်အအုံ အပျက် အစီးများကြားမှ လူသေအလောင်းများကို ဆွဲထုတ်ခဲ့ရပြီး အသက်ရှင် ကျန်ရစ်သူများ ရှာဖွေရေးအတွက် မျှော်လင့်ချက် ပျောက်ဆုံးနေကြောင်း ဘီဘီစီ အရှေ့အလယ်ပိုင်းသတင်းထောက် အန်နာဖော့စတာက ပြောသည်။

ယခုလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးပေ။ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Médecins Sans Frontières (MSF)က လူ ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ဟူသီသူပုန်များ ထုတ်လွှင့်သည့် ရုပ်သံလိုင်းမှ အပျက်အစီးအပိုင်းအစများ ရှင်းလင်းနေသော အမျိုးသားများနှင့် အနီးနားရှိ ဆေးရုံသို့ ပို့နေဆဲ ဒဏ်ရာရသူများ၏ ဓါတ်ပုံများကို ပြသသွားခဲ့သည်။ ယီမင်ဆေးရုံတစ်ရုံတွင် အသေအပျောက် ၂၀၀ ကျော်မျှ ရှိကြောင်း MSF အဖွဲ့က ပြောသည်။

ယီမင်သို့ ရောက်ရှိနေသည့် MSF အဖွဲ့ခေါင်းဆောင်ဖြစ်သူ အာမက်မာဟက်က “လေကြောင်းကနေ အတိုက်ခံရတဲ့ အခင်းဖြစ် ပွားရာ နေရာတွေမှာ အလောင်းတွေ အများကြီး ကျန်သေးတယ်။ ပျောက်နေတဲ့ သူတွေလည်း အများကြီးပဲ” ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ရှင်းပြခဲ့သည်။

“လူ ဘယ်နှယောက်တောင် သေမှန်း မသိသေးဘူးဗျ။ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှုလို့ မြင်ပါတယ်ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

ယီမင်အရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကလည်း လတ်တလော တင်းမာမှုများ လျှော့ချ ရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

 Source: BBC