CNI News 
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇

အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးကြီးသည့် စစ်ကိုင်းတိုင်းဒေသကြီးထဲက ကလေးဝ- ယာကြီး- မုံရွာ လမ်းပိုင်းကို မြန်မာ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ် လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါလှသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်သော တမူး-ကလေး လမ်းကြောင်းမှတဆင့် ကလေးဝ-ယာကြီး-မုံရွာသို့ ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အထိ ကုန်သွယ်မှု ပြုလုပ်နိုင်သည့် ကလေးဝ- ယာကြီး- မုံရွာ လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရေး မြန်မာ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်မှစ၍ ထိုးစစ်ဆင်ခဲ့ရာ ဇူလိုင် ၇ ရက်မှာတော့ အပြည့်အဝ ထိန်း ချုပ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကုန်သွယ်ရေးလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ့တပ်မတော်သည် ဇွန်လ ၂ ရက်က ရေလယ် ကျွန်းကျေးရွာအား လည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ကျောက်လုံးကြီးတဲစုကျေးရွာအား လည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အား လည်းကောင်း၊ ဇွန်လ ၇ ရက်တွင် သစ်ရာပင်လမ်း ဆုံအား လည်းကောင်း၊ ဇွန်လ ရက်တွင် သစ်ရာပင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဝင်းကုန်းကျေး ရွာအား လည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် ‌ညောင်ပင်လယ်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ယာကြီးကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန်လ ၁၈ ရက်တွင် လာပို့ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၂၁ ရက်တွင် စစ်လင်းချောင်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် ထုံးကြီး ကျေးရွာအားလည်းကောင်း စသဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် ဇွန်လ ၂၃ ရက်တွင် ကျော်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ လာပို့ ကျေးရွာနှင့် ကျော်ကျေးရွာအကြားရှိ လမ်းကြောင်းတစ်လျှောက်၌ မိုင်းများဖယ်ရှားရှင်းလင်းခဲ့သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

ကလေးဝကို ရောက်လာတဲ့ စစ်ကြောင်းကို ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုနေကြစဉ်

အလားတူ ဇူလိုင် ၁ ရက်တွင် မြေနီကျေးရွာအားလည်းကောင်း၊ ဇူလိုင် ၂ ရက်တွင် စည်ပင်သာကျေးရွာအား လည်းကောင်း၊ ဇူလိုင် ၃ ရက်တွင် မိုင်တစ်ရာတဲစု ကျေးရွာအားလည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် သဲကြမ်းတဲစု ကျေးရွာအားလည်းကောင်း ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဇူလိုင် ၇ ရက်တွင် ကလေးဝရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းနိုင်ခဲ့ကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကလေးဝ- ယာကြီး- မုံရွာ ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် အတွက် ကလေးဝ-ကလေး-ဖလမ်း-ဟားခါး-ထန်တလန်သို့လည်းကောင်း၊ ကလေးဝ-ကလေး-တီးတိန်- တွန်းဇံ- ကျီခါးသို့လည်းကောင်း၊ ကလေးဝ-မုံရွာ-မြင်းမူ-စစ်ကိုင်း-မန္တလေးသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်ပြီဖြစ် သလို ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ဖြတ်သန်းသွား လာနိုင်တော့မည်ဖြစ်ကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည် စီးဆင်းမှုနှင့် ဒေသတွင်း ကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိ ပြန်လည် အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။